အရပ်သားများကို ဖမ်းဆီးနေမှုကြောင့် နှစ်ဘက် ယုံကြည်မှု ပျက်ပြားစေကြောင်း AA ပြော

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်ရှိ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့များမှ ပြည်သူများကို မြန်မာစစ်တပ်က လိုက်လံ ဖမ်းဆီးနေခြင်းမှာ တစ်ဖက်နှင့်တစ်ဖက်ယုံကြည်မူကို လုံးဝပျက်ပြက်စေသည့် လုပ်ရပ်ဖြစ်ကြောင်း AA ဘက်က ပြောဆိုလိုက်သည်။

23 Jun 2022

DMG ၊ ဇွန် ၂၃

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်ရှိ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့များမှ ပြည်သူများကို မြန်မာစစ်တပ်က လိုက်လံ ဖမ်းဆီးနေခြင်းမှာ တစ်ဖက်နှင့်တစ်ဖက်ယုံကြည်မူကို လုံးဝပျက်ပြက်စေသည့် လုပ်ရပ်ဖြစ်ကြောင်း AA ဘက်က ပြောဆိုလိုက်သည်။

“၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဆိုပြီးတော့ သူတို့ (စစ်ကောင်စီ)ပြောနေ တာနဲ့ တလွဲစီဖြစ်နေတာကို တွေ့ရတယ်။ ဒါဟာ အပြောတခြား၊ အလုပ်တခြား လုပ်နေတယ်ဆိုတာကို ကွက်ကွက်ကွင်း ကွင်းဖော် ပြနေတာဖြစ်တယ်။ ဒါဟာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မူကို လုံးဝပျက်ပြက်စေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပဲ ကျွန်တော်တို့က ပြောချင်တယ် ” ဟု ရက္ခိုင့်တပ် တော် ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခ က DMG သို့ပြောသည်။

DMG မှ စာရင်းပြုစုချက်အရ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့မှ ဇွန်လ ၂၂ ရက်နေ့အထိ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး၊ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာတွင် ရဲတပ်ဖွဲ့ဝင်တဦးနှင့် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရဲတွင် ရဲတပ်သားနှစ်ဦး စုစုပေါင်း ၉ ဦးကို AA က ဖမ်းဆီးထားသည်။

ထိုသို့ဖမ်းဆီးရခြင်းမှာလည်း AA တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက ဖမ်းဆီးနေသည့်အတွက် တန်ပြန်ဖမ်းဆီးခြင်းဖြစ်ပြီး ၎င်းတို့ကို လွှတ်ပေးလျှင် ပြန်လွှတ်ပေးမည်ဟုလည်း ခိုင်သုခက DMG ကိုပြောဆိုထားသည်။

ထိုသို့ မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို AA က ဖမ်းဆီးခဲ့သည့်အတွက် စစ်ကောင်စီဘက်ကလည်း ဒေသခံ အရပ်သားများကို သံသယဖြင့် လိုက်လံဖမ်းဆီးမှုများလည်း တနေ့ထက်တနေ့ များပြား လာနေခြင်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း DMG က ကောက်ယူထားသည့် စာရင်းများအရ ပုဏ္ဏားကျွန်းတွင် ဖမ်းဆီးခံရသူများမှာ စံပြရပ်ကွက်မှ ဦးဘလှိုင် အသက် (၃၅)၊ မြို့သစ်ရပ်ကွက်မှ ဦးကျော်မင်း(အသက် ၆၀)၊ ကိုတင်မောင်သန်း(၃၀)၊ စံပြရပ်ကွက်မှ ကိုမျိုးသွင် (အသက် ၂၇)နှစ်၊ ကိုပရဟိတ (အသက် ၅၀)၊ ပေါက်တောပြင်ကျေးရွာမှ မောင်နိုင်ထွန်း အသက် ၁၈ နှစ်၊ မောင်အောင်ခိုင် အသက် ၁၇ နှစ်တို့ဖြစ်ကြသည်။

ထို့အတူ မြောက်ဦးမြို့မှ ဒေသခံ ၂၀ ဦး၊ အမည်များကို စိစစ်ဆဲ၊ နှင့် ကျောက်တော် စသည့်မြို့မှ လူ ၂၀ ဦး အမည်များကို စိစစ်ဆဲဖြစ်သဖြင့်  အနည်းဆုံး ဒေသခံ လူဦးရေ ၅၀ ခန့်ကို မြန်မာစစ်တပ်က ဖမ်းဆီးထား ခြင်းလည်းဖြစ်သည်။

ထိုဖြစ်စဉ်များ နှင့် ပတ်သက်ပြီး ဦးခိုင်သုခက “ ဒီရက်ပိုင်းမှာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့တွေမှာ မြန်မာစစ်တပ်ဖက်က အပြစ်မဲ့ ရခိုင်ပြည်သူ့ တွေကို မတရားဖမ်းဆီး၊ ခြိမ်းခြောက်၊ အကျပ်ကိုင်မူတွေ လုပ်နေတာ ဟာ ဒေသအတွင်း ပြည်သူတွေရဲ့ လူမူ စီးပွားဘဝတွေကို ပျက်စီးပစ်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ မြင်တယ် ” ဟု ၎င်းကဆိုသည်။

အခုလို့ ရခိုင်ပြည်သူများကို မြန်မာစစ်တပ်က ဖမ်းဆီးနေခြင်းမှာ ဒေသအတွင်း တည်ငြိမ်းအေးချမ်းရေးကို ပျက်ပြက်အောင် လုပ်ဆောင်နေခြင်းဖြစ်ပြီး ရာဇဝတ်မှုကို ကျူးလွန်နေခြင်းဖြစ်ကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင် အပြန်အလှန်ဖမ်းဆီးမှုများလာသည့် အတွက်ဒေသခံတို့မှ စိုးရိမ်ထိတ်လန့်မှုများစွာ ဖြစ်ပေါ်နေရကြောင်းလည်း ပြည်သူတို့က ပြောဆိုနေကြသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က ပုဏ္ဏားကျွန်းမြို့တွင် ပြည်သူများမစိုးရိမ်ရန် စစ်တပ်က မြို့ကိုပတ်ပြီး ကြေညာမှုများရှိနေသော်လည်း လုံခြုံရေးတင်းကြပ်ထားသည့်အတွက် စိုးရိမ်မူရှိကြောင်း ပုဏ္ဏားကျွန်းမြို့ ခံတစ်ဦး ပြောသည်။

“ဇွန်လ ၂၂ ရက်နေ့က သူတို့ကြေညာတယ်။ ပြည်သူတွေ မစိုးရိမ်းပါနဲ့ဆိုပြီးတော့ မြို့ကိုပတ်ပြီးအော်တယ်။ ကိုယ့် အလုပ်ကိုလုပ်၊ ဈေးတွေလည်းဖွင့်၊ ကျောင်းတွေလည်းဆိုပြီးတော့အော်တယ်။ အဲဒီအော်ပြီးတော့ မနက်မိုးလင်း တော့ သူတို့က သေနတ်တွေနဲ့ လမ်းကိုထွက်တယ်။ သေနတ်တွေနဲ့ လမ်းထွက်တော့ ပြည်သူတွေပိုပြီးတော့ စိုးရိမ်းသွားတာပေါ့။ သူတို့ပြောတဲ့တစ်မျိုး၊ လုပ်တဲ့တစ်မျိုး။ အဲလိုလုပ်တော့ ပြည်သူတွေက မယုံကြည်ဘူးပေါ့ ” ဟု ပုဏ္ဏားကျွန်းမြို့ခံ တစ်ဦးက ဆိုသည်။

ထိုသို့ ဦးခိုင်သုခပြောဆိုမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြောရေဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းအား DMG က ဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

သို့သော်လည်း ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်သောကြောင့်နှင့် ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေးအတွက် စိတ်ရှည်သည်းခံနေရကာ AA က တိုက်ပွဲခေါ်နေသည့်ပုံစံမျိုးဖြစ်နေသဖြင့် ပြဿနာဖြစ်လာလျှင် တပ်မတော်ကို အဆိုးမဆိုရန် ပြောဆိုခဲ့သည်။

ဗီဒီယိုများ