ဘူးသီးတောင်တွင် မြေစာရင်းဝန်ထမ်းတစ်ဦးကို ရဲတပ်ဖွဲ့စစ်ဆေး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က မြေစာရင်းဝန်ထမ်းတစ်ဦးကို အောက်တိုဘာလ ၂၂ ရက်နေ့၊ ည (၁၂) နာရီအချိန်ခန့်တွင် စစ်ဆေးစရာရှိသည်ဟုဆိုကာ ဘူးသီးတောင်မြို့မရဲစခန်းက ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များက ပြောသည်။

By မင်းထွန်း 23 Oct 2019

မင်းထွန်း |DMG

အောက်တိုဘာ ၂၃၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က မြေစာရင်းဝန်ထမ်းတစ်ဦးကို အောက်တိုဘာလ ၂၂ ရက်နေ့၊ ည (၁၂) နာရီအချိန်ခန့်တွင် စစ်ဆေးစရာရှိသည်ဟုဆိုကာ ဘူးသီးတောင်မြို့မရဲစခန်းက ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များက ပြောသည်။

စစ်ဆေးရန် ခေါ်ဆောင်ခံရသူမှာ ဘူးသီးတောင်မြို့၊ အမှတ် (၅) ရပ်ကွက်တွင်နေထိုင်သည့် ဦးမောင်လှသိန်း ဖြစ်သည်။ ၎င်းကို ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)တို့က နေအိမ်သို့လာရောက်ခေါ်ဆောင် သွားခြင်းဖြစ်သည်ဟု အစ်ကိုဖြစ်သူ ဦးမောင်ရွှေသိန်းက ပြောသည်။

“ည ၁၂ နာရီလောက်မှာ လုံခြုံရေးအဖွဲ့ကနေပြီးတော့ ရဲစခန်းကိုခေါ်လာတယ်။ ခေါ်လာပြီးတော့ စစ်ဆေးစရာရှိတယ် ဆိုပြီးပြောတယ်။ ရဲစခန်းမှာတော့ သူက လွတ်လပ်ပါတယ်။ အချုပ်ခန်းမှာ ချုပ်နှောင်လို့တော့ မဟုတ်ဘူး။ ဒီနေ့တော့ စစ်ဆေးနေပါတယ်”၎င်းက ဆိုသည်။

၎င်းကို မည်သည့်ကိစ္စကြောင့် စစ်ဆေးရန်ခေါ်ဆောင်သွားခြင်းဖြစ်သည်ကို ရဲတပ်ဖွဲ့က အတိအကျမပြောခဲ့ကြောင်းလည်း ၎င်းကဆက်လက်ပြောသည်။

စစ်ဆေးခံနေရသူသည် မြေစာရင်းတွင် လုပ်သက် (၂၀)ခန့်အကြာ လုပ်ကိုင်နေသည့် ဝန်ထမ်းတစ်ဦးဖြစ်ပြီး မြေတိုင်းအဆင့် (၄) ဖြစ်ကြောင်း ဦးမောင်ရွှေသိန်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘူးသီးတောင်မြို့မရဲစခန်းကို ဆက်သွယ်ခဲ့ရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ဗီဒီယိုများ