နိုင်ငံတကာမြန်မာ့သတင်း၏ အဖွဲ့ဝင် သတင်းမီဒီယာတိုက်များမှ အယ်ဒီတာချုပ်များအား အမှုဖွင့်တရားစွဲဆို ထားမှုကို ရုပ်သိမ်းပေးရန် အစိုးရအားတောင်းဆို

နိုင်ငံတကာမြန်မာ့သတင်း(BNI)၏ အဖွဲ့ဝင်သတင်းမီဒီယာတိုက်များမှ အယ်ဒီတာချုပ်များအား အမှုဖွင့် တရားစွဲဆိုထားမှုကို ရွေးကောက်ပွဲမတိုင်မီ အမြန်ဆုံးရုပ်သိမ်းပယ်ဖျက်ပေးရန် အောက်တိုဘာ ၂၉ ရက်နေ့တွင် BNI က သဘောထားထုတ်ပြန်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်သော အစိုးရအား တောင်းဆို ထားသည်။

By ကျော်ချစ် 30 Oct 2020

ကျော်ချစ် | DMG
အောက်တိုဘာ ၃၀ ၊ စစ်တွေ

နိုင်ငံတကာမြန်မာ့သတင်း(BNI)၏ အဖွဲ့ဝင်သတင်းမီဒီယာတိုက်များမှ အယ်ဒီတာချုပ်များအား အမှုဖွင့် တရားစွဲဆိုထားမှုကို ရွေးကောက်ပွဲမတိုင်မီ အမြန်ဆုံးရုပ်သိမ်းပယ်ဖျက်ပေးရန် အောက်တိုဘာ ၂၉ ရက်နေ့တွင် BNI က သဘောထားထုတ်ပြန်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်သော အစိုးရအား တောင်းဆို ထားသည်။

ရွေးကောက်ပွဲကာလတွင် တိုင်းရင်းသားနယ်မြေများ၌ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများကို ဖော်ဆောင်နိုင်ရန်အတွက် တိုင်းရင်းသားမီဒီယာအဖွဲ့များ၏ လွတ်လပ်စွာသတင်းရယူနိုင်ခွင့်၊ သတင်း ထုတ်ပြန်နိုင်ခွင့်များမှာ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေကြောင်း BNI ကဆိုသည်။

BNI အဖွဲ့ဝင် Development Media Group(DMG)၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးနှင့် အခြားတာဝန်ရှိသူ များကို စစ်တွေမြို့ အထူးသတင်းတပ်ဖွဲ့(SB)က မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ(၁၇/၂)ဖြင့် ၂၀၁၉ ခုနှစ် မေလ ၁ ရက်နေ့တွင် အမှုဖွင့်လှစ်ခဲ့သည်။

ထို့အတူ ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာသတင်းဌာန၏ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့တွင် တရားစွဲဆိုခြင်းတို့မှာ လွတ်လပ်သော တိုင်းရင်းသားမီဒီယာများ၏ လွတ်လပ်ခွင့်ချိုးဖောက်မှုကို ထင်ရှားသည့်သာဓကများဖြစ်ကြောင်း BNI က ဆိုထားသည်။

DMG ၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးမှာ အမှုဖွင့်ခံရပြီးနောက် တိမ်းရှောင်နေရသည်မှာ ၁၈ လတိတိ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ဦးအောင်မင်းဦးက “ကျွန်တော့်ကိုအမှုဖွင့်ထားတာဟာ အခုဆိုရင် တစ်နှစ်ခွဲကြာနေပြီ။ ဒါပေမယ့် ဘာကြောင့် ဆိုတာ တိတိပပတစ်ခုမှမသိရသေးဘူး။ လက်ရှိအချိန်ထိ ကျွန်တော် တိမ်းရှောင် နေရဆဲဖြစ်သလို သတင်းဌာနရဲ့ လုပ်ငန်းလိုင်စင်နဲ့ ဂျာနယ်ထုတ်ဝေခွင့်လိုင်စင်တွေကိုလည်း သက်ဆိုင်ရာကထုတ်မပေးတော့ သတင်းလုပ်ငန်း တွေမှာလည်း ထိခိုက်မှုတွေရှိတယ်။ ရခိုင်ပြည်နယ်မှာ သတင်းလွတ်လပ်ခွင့်ကိုရှေ့ရှုပြီး ဒီလိုလုပ်ဆောင်မှု တွေကို ဖြေလျော့သင့်ပြီ။ နောက်ပြီး တစ်နှစ်ကျော်ကြာပိတ်ပင်ထားတဲ့ အင်တာနက်လှိုင်းတွေကိုလည်း ပြန်ဖွင့် ပေးသင့်ပြီ” ဟု ဆိုသည်။

DMG သတင်းဌာန၏ လုပ်ငန်းလိုင်စင်နှင့် ဂျာနယ်ထုတ်ဝေခွင့်လိုင်စင်တို့ကို ၂၀၁၉ ခုနှစ် မတ်လအတွင်းက သက်တမ်းတိုးလျှောက်ထားခဲ့သည်မှာ လပေါင်း ၂၀ ကြာသော်လည်း တစ်စုံတစ်ရာအကြောင်းကြားမှု မရှိ သေးကြောင်း ဦးအောင်မင်းဦးက ဆက်ပြောသည်။

နိရဉ္စရာသတင်းဌာန၏ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ခ)တို့နှင့် အမှုဖွင့်လှစ်ခဲ့ခြင်းအား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ကြားဝင်ဖြေရှင်းပေးခဲ့သဖြင့် အမှုကို ပြန်လည်ရုပ်သိမ်းသွားခဲ့ကြောင်း ဦးခိုင်မြတ်ကျော်ထံမှ သိရသည်။

သို့သော် သတင်းမီဒီယာဥပဒေနှင့်အရေးယူပေးရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတွင် ဆက်လက် တိုင်ကြားခံထားရသေးကြောင်း ၎င်းကဆိုသည်။

နိရဉ္စရာသတင်းဌာနအနေဖြင့် အယ်ဒီတာချုပ် အကြမ်းဖက်မှုဥပဒေနှင့်အမှုဖွင့်ခံရသည့်နောက်တွင် တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်၊ အစိုးရဌာနဆိုင်ရာမှတာဝန်ရှိသူများအား သတင်းကိစ္စဆက်သွယ်မေးမြန်းရာ၌ အခက်အခဲများ ရှိလာကြောင်း ဦးခိုင်မြတ်ကျော်ကပြောသည်။

“မီဒီယာနဲ့ပတ်သက်လို့ ရုံးတွေကိုဝင်စီးတယ်၊ တရားစွဲတယ်ဆိုတော့ မီဒီယာအပေါ်မှာ ဆက်ဆံမယ့်ဟာ၊ သတင်း ပေးမယ့်ဟာတွေမှာ လူထုကစိုးရိမ်သွားတဲ့အနေအထားရှိတယ်။ နောက်တစ်ခုက အစိုးရရုံးတွေ၊ ဝန်ထမ်းတွေ ကလည်း အကြမ်းဖက်နဲ့ပတ်သက်လို့စွဲတဲ့အခါ သူတို့လည်းကြောက်လန့်တဲ့အခါ သတင်းရယူရတဲ့အပိုင်းတွေမှာ အရင်တုန်းကလောက် လွယ်လွယ်ကူကူမရတော့ဘူး။ တပ်မတော်နဲ့ဆိုရင် လုံးဝမေးလို့မရတဲ့အနေအထားတွေ ဖြစ်သွားတယ်။ တပ်မတော်က၊ ရဲတို့ကဆိုရင် သတင်းယူရတဲ့အပိုင်း၊ သတင်းနဲ့ပတ်သက်ပြီးမေးရတဲ့အပိုင်းတွေမှာ အများကြီးအခက်အခဲဖြစ်သွားတယ်” ဟု ဆိုသည်။

ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် မတ်လ ၂၃ ရက်နေ့တွင် အစိုးရက ကြေငြာပြီးနောက်ပိုင်း AA ကို ဆက်သွယ်သတင်းရေးသားသည့်အတွက် နိရဉ္စရာသတင်းဌာနမှ အယ်ဒီတာချုပ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ ရွေးကောက်ပွဲကာလတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ အင်တာနက်ဖြတ်တောက်ခံထားရသည့် ဒေသများတွင် နေထိုင်သည့်ပြည်သူများမှာ အခြားတိုင်းရင်းသားပြည်သူများနည်းတူ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီသိရှိနိုင်ခြင်း မရှိဖြစ်နေကြရသည်။

ယင်းအပြင် တိုင်းရင်းသားမီဒီယာအဖွဲ့များဖြစ်သည့် Development Media Group(DMG)၊ နိရဉ္စရာသတင်း ဌာန၊ Karen News အပြင် Voice of Myanmar သတင်းဌာနတို့အပါအဝင် ဝက်ဘ်ဆိုဒ်စာမျက်နှာပေါင်း ၂၁၄၇ ခုကိုပိတ်ပင်ရန် ဆက်သွယ်ရေးလုပ်ငန်းအော်ပရေတာများကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၉ ရက်နေ့နှင့် မေလ ၁၁ ရက်နေ့တို့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၇ အရ တားမြစ် ခဲ့သည်။

ယင်းသို့ တိုင်းရင်းသားမီဒီယာအဖွဲ့များ၏ ဝက်ဘ်ဆိုဒ်သတင်းစာမျက်နှာများကို တရားဝင်အကြောင်းပြချက် ခိုင်မာမှုမရှိဘဲ ပိတ်ပင်ထားခြင်း၊ တိုင်းရင်းသားမီဒီယာအဖွဲ့အစည်းများ၏ သတင်းသမားများကို အမှုဖွင့်၊ တရားစွဲဆိုခြင်းတို့မှာ လက်ရှိအစိုးရ၏ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ကတိကဝတ်တစ်ခုဖြစ်သည့် “ပြည်သူများ၏ နားနှင့် မျက်စိဖြစ်သောသတင်းမီဒီယာများသည် မိမိတို့စောင့်ထိန်းအပ်သော ကျင့်ဝတ်နှင့် ဂုဏ်သိက္ခာများနှင့် အညီ လွတ်လပ်စွာရပ်တည်ပိုင်ခွင့်နှင့် သတင်းရယူဖော်ပြခွင့်အားဖော်ဆောင်ပေးမည်” ဆိုသည်ကို ဆန့်ကျင် နေကြောင်း BNI က ဆိုသည်။

သို့ကြောင့် NLD ဦးဆောင်သောအစိုးရအနေဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိမြို့နယ်များတွင် လျင်မြန် အားကောင်းသော အင်တာနက်ဆက်သွယ်မှုကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လည်ဖွင့်ပေးရန်၊ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ(၁၇/၂)နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ဖြင့် အမှုဖွင့်၊ တရားစွဲဆိုခံထားရသော BNI အဖွဲ့ဝင်အဖွဲ့အစည်းများမှ အယ်ဒီတာချုပ်များအား ၎င်းတို့ရင်ဆိုင်နေရသည့်အမှုများမှ အမြန်ဆုံးရုပ်သိမ်း ပယ်ဖျက်ပေးရန်တောင်းဆိုထားသည်။

ထို့အပြင် အစိုးရ၊ တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများနှင့် ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်များ အနေဖြင့် သတင်းဌာနကြီးများ၏မေးမြန်းမှုများကိုဖြေဆိုပေးသကဲ့သို့ ဒေသအခြေစိုက် တိုင်းရင်းသား သတင်းဌာနများ၏ ဆက်သွယ်မေးမြန်းမှုများကိုလည်း ခွဲခြားဆက်ဆံမှုမရှိပြန်လည်ဖြေကြားပေးရန်လည်း BNI က တောင်းဆိုထားပေသည်။

ဗီဒီယိုများ