သတင်းအချက်အလက် ရပိုင်ခွင့်ဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းပေးရန် တောင်းဆို

သတင်းသမားများအတွက် သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းပေးဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၃ ရက်တာပြုလုပ်ခဲ့သည့် သတ္တမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံမှ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။

19 Sep 2019

ခင်သရဖီဦး | DMG

စက်တင်ဘာ ၁၉ ၊ စစ်တွေ

သတင်းသမားများအတွက် သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းပေးဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၃ ရက်တာပြုလုပ်ခဲ့သည့် သတ္တမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံမှ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

သတင်းမီဒီယာများအနေဖြင့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ရရှိနိုင်ရန်အရေးကြီးပြီး အချိန်မီတင်ပြနိုင်မှသာ သတင်းတန်ဖိုးရှိမည်ဖြစ်ကြောင်း တိုင်းရင်းမီဒီယာ မူဝါဒရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်နန်းဖော့ဂေ က ဆိုသည်။

“သတင်းထုတ်လုပ်တဲ့အခါ သတင်း တန်းမကျဖို့နဲ့ သတင်းဖတ်သူတွေကို အချိန်နဲ့တပြေးညီပေးဖို့လိုတယ်။ အဲဒီ ဖြစ်စဉ်တွေက မြန်မာနိုင်ငံက နေရာတိုင်းမှာ နောက်နည်းကြန့်ကြာမှုတွေ ရှိနေတယ်။ အဲဒီအခြေအနေပေါ်မှာ အခုထိပြဋ္ဌာန်းချက်တွေ(right informantion ) မရှိသေးဘူး” ဟု ၎င်းကပြောသည်။

ထိုသို့ သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေကိုပြဋ္ဌာန်းခြင်းအားဖြင့် မြန်ဆန်သွတ်လတ်သည့်သတင်းများရရှိ လာမည်ဖြစ်ကြောင်း ဒေါ်နန်းဖော့ဂေ ကပြောသည်။

သတ္တမအကြိမ်မြောက်တိုင်းရင်းမီဒီယာညီလာခံမှ တောင်းဆိုချက် ၆ ချက်ပါဝင်ပြီး တိုင်းရင်းသားမီဒီယာများကို အကူအညီပေးရန်လည်း တောင်းဆိုထားသည်။

“တိုင်းရင်းသားမီဒီယာတွေအနေနဲ့ ငွေကြေးထောက်ပံ့မှု အလုံ့အလောက်မရရှိတာကြောင့် ပိတ်လိုက်ရတဲ့ သတင်းဌာနတွေရှိနေတယ်” ဟု ဒေါ်နန်းဖော့ဂေက ဆိုသည်။

ယခုတောင်းဆိုချက်ထဲတွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သတင်းထောက်များအတွက် သတင်းထောက် ကဒ်တစ်ခုရှိရုံဖြင့် မည်သည့် မဲဆန္ဒနယ်ကိုမဆို နယ်မြေကန့်သတ်မှုမရှိဘဲ သွားလာရယူခွင့်ရှိရန်လည်း ပါဝင်သည်။

တိုင်းရင်းမီဒီယာအနေဖြင့် ယခုထုတ်ပြန်တောင်းဆိုချက်များကို အစိုးရအနေဖြင့် သိပြီဖြစ်ကြောင်းယူဆပြီး မည်ရွေ့မည်မျှလုပ်ဆောင်ပေးမည်မှာ အစိုးရအပေါ်မူတည်ကြောင်း ဒေါ်နန်းဖော့ဂေက ဆိုသည်။

တိုင်းရင်းမီဒီယာညီလာခံကို ၂၀၁၃ ခုနှစ်ကစတင်ပြီး မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အသီးသီးကျင်းပခဲ့သည်။

ဗီဒီယိုများ