ဂွမြို့နယ်တွင် ALP/ALA တပ်ဖွဲ့ဝင် ၃ ဦးကို ပုဒ်မ ၆ ခုဖြင့် အမှုဖွင့်ထား

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်(ခွဲ) ကျိန္တလီမြို့တွင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်/ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALA/ALP)အဖွဲ့ဝင်သုံးဦးကို ပုဒ်မ ၆ ခုဖြင့် အမှုဖွင့်လှစ်ထားကြောင်း ကျိန္တလီနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်လွင်ဦးက ပြောသည်။

By မျိုးမြင့်ဇော် 12 Jun 2020

မျိုးမြင့်ဇော် | DMG
ဇွန် ၁၂ ၊ သံတွဲ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်(ခွဲ) ကျိန္တလီမြို့တွင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်/ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALA/ALP)အဖွဲ့ဝင်သုံးဦးကို ပုဒ်မ ၆ ခုဖြင့် အမှုဖွင့်လှစ်ထားကြောင်း ကျိန္တလီနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်လွင်ဦးက ပြောသည်။

၎င်းတပ်ဖွဲ့ဝင်တို့သည် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ကျိန္တလီဒေသသို့ ရောက်ရှိလာကာ လိုင်စင်မရှိဘဲ ကျောက်ထုတ်လုပ်ခြင်း၊ သဲထုတ်လုပ်ခြင်း စသည့်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြပြီး ‌ဒေသခံများကို ဆဲဆိုခြိမ်းခြောက်ခြင်း စသည့်ကိစ္စများဖြစ်ပေါ်လာကြောင်း ဒေသခံများကဆိုသည်။

“ကျနော် သူတို့(ALA တပ်ဖွဲ့ဝင်)သဲကျောက်လုပ်နေကြတာကို ဓါတ်ပုံရိုက်ဖို့လုပ်တော့ ဘက်ဖိုးနားက ထွက်လာ ပြီးတော့ ကျနော့်ကိုမေးတော့ ဓါတ်ပုံရိုက်ဖို့လာတာလို့ ပြောတယ်။ သူတို့ကမလိုဘူး ဘယ်ကောင်မှ ရိုက်ခွင့် မရှိဘူး။ ငါတို့ရခိုင်အချင်းချင်း မသတ်ချင်ဘူး၊ ငါတို့လူသတ်လာတာ များနေပြီဆိုပြီးတော့ ဓါးနဲ့ ကျနော့် လည်ဂုတ်ကို လှီးဖို့လုပ်တယ်”ဟု အမှုဖွင့်ထားသူ ဦးချစ်စမ်းမောင်က ရှင်းပြသည်။

ALA တပ်ဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးခိုင်နိုင်လင်း၊ ဗိုလ်ကြီးခိုင်အောင်လင်းနှင့် ခိုင်ပြည်သိန်း တို့ကို ကျိန္တလီမြို့ အပိုင် ဘိုကလေးကျေးရွာသားအချို့နှင့် သက်ဆိုင်ရာအာဏာပိုင်များက ရာဇသတ်ကြီးပုဒ်မ-၂၉၄ ၊ ၃၅၂ ၊ ၅၀၆၊ ၁၁၄ ၊ ရေအရင်းအမြစ်ဥပဒေပုဒ်မ-၂၆ တို့အပြင် ဆေးကောင်စီဥပဒေပုဒ်မ-၅၈ တို့ဖြင့် အမှုဖွင့်လှစ်ထာကြောင်း စခန်းမှူးကပြောသည်။

လက်ရှိအချိန်၌ အမှုဖွင့်ခံထားရသူများ ထွက်ပြေးတိမ်းရှောင်နေကြ၍ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်၍ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေတပ်မတော်(ALA)စစ်ရေးကော်မတီက ဗိုလ်မှူးကြီးခိုင်စိုးမြက အဆိုပါနေရာတွင် သဲ၊ ကျောက်လုပ်ငန်း လုပ်ကိုင်နေကြသည်မှာ ၎င်းတို့တပ်ဖွဲ့များသာမဟုတ်ဘဲ ဒေသခံများပါ လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း ပြောသည်။

“အဲဒီမှာလုပ်နေတာ ကျနော်တို့လူတွေတင်မဟုတ်ဘူး၊ ရွာသားတွေလည်းပါတယ်။ ရွာသားတွေလုပ်လို့ ကျနော် တို့လည်း လုပ်လို့ရတယ်ထင်ပြီးလုပ်တာ။ ရွာသားတွေကို တရားမစွဲဘဲနဲ့ ကျနော်တို့ရဲဘော်တွေကို တရားစွဲတော့ တမင် တရားစွဲသလိုဖြစ်နေတယ်”ဟု ၎င်းကဆက်၍ပြောသည်။

ယင်းသို့ အမှုဖွင့်လှစ်ထားခြင်းနှင့်ပတ်သက်၍လည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီအနေဖြင့် ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာအာဏာပိုင်များထံ အမှုကိုရုပ်သိမ်းပေးရန် တောင်းဆိုထားကြောင်း ဗိုလ်မှူးကြီးခိုင်စိုးမြက ဆိုသည်။

ဗီဒီယိုများ