မြန်မာစစ်တပ်မှ ကရင်နီဒေသသို့ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်မှုကြောင့် ဒေသခံအချို့ ထိခိုက်သေဆုံးမှုများရှိနေ

ကယား(ကရင်နီ)ပြည်နယ်အတွင်း မြန်မာစစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုများ၌ မီးလောင်ဗုံးအမျိုးအစား(FAB)အသုံးပြုမှုကြောင့် ဒေသခံအချို့ ထိခိုက်သေဆုံးမှုများရှိလာကြောင်း ကရင်နီလူ့အခွင့်အရေးလှုပ်ရှားသူများမှ ဆိုသည်။

16 Mar 2022

KNDF အဖွဲ့မှ မတ်လ ၁၅ ရက်တွင် မြန်မာစစ်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် ပေါက်ကွဲမှုမရှိသေးသည့် မီးလောင်ဗုံးတစ်လုံးကို တူးဖော်ရရှိခဲ့စဉ်။

DMG ၊ မတ် ၁၆

ကယား(ကရင်နီ)ပြည်နယ်အတွင်း မြန်မာစစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုများ၌ မီးလောင်ဗုံးအမျိုးအစား(FAB)အသုံးပြုမှုကြောင့် ဒေသခံအချို့ ထိခိုက်သေဆုံးမှုများရှိလာကြောင်း ကရင်နီလူ့အခွင့်အရေးလှုပ်ရှားသူများမှ ဆိုသည်။

ဒီးမော့ဆိုမြို့နယ် ဆောင်ဒူးလာကျေးရွာကို ပြီးခဲ့သည့်မတ်လ ပထမသီတင်းအပတ်၌ မြန်မာစစ်တပ်မှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများအတွင်း မီးလောင်ဗုံးအမျိုးအစားဖြင့်တိုက်ခိုက်မှုကြောင့် နေအိမ်များအပါအဝင် ဘုရားကျောင်းတစ်ကျောင်း မီးလောင်ကျွမ်းမှုရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးလှုပ်ရှားသူ တစ်ဦးမှ DMG ကိုပြောသည်။

"ပြီးခဲ့တဲ့ မတ်လ ၇ ရက်လောက်မှာ ဒီးမော့ဆိုဆောင်ဒူလာရွာကို စစ်ကောင်စီတပ်က လေယာဉ်တွေနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။ အဲဒီလိုဗုံးကြဲတိုက်ခိုက်မှုအတွင်းမှာ နိုင်ငံတကာက ကန့်သတ်ထားတဲ့မီးလောင်မီးလောင်ဗုံးတွေပါ အသုံးပြုလာတာတွေ့ရတယ်။ နေအိမ်တွေ ဘုရားကျောင်းတွေကိုပါ ထိခိုက်ပျက်စီးစေတယ်"ဟု ၎င်းမှပြောသည်။

ထိုမီးလောင်ဗုံးများအသုံးပြုမှုကြောင့် စစ်ဘေးရှောင်စခန်းများထိခိုက်ခဲ့ပြီး ဒေသခံ ၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်းလည်း ၎င်းကထပ်မံပြောကြားသည်။

မြန်မာစစ်တပ်မှ လက်ရှိလေကြောင်းတိုက်ခိုက်မှုများအတွင်း၌ ဗုံးအမျိုးအစားများမှ FAB ခေါ် Fauel-Air Bomb မီးလောင်ဗုံးကို မြေပြင်သို့ဗုံးကြဲတိုက်ခိုက်ရာ၌ အများဆုံးအသုံးပြုနေပြီး ပေါက်ကွဲမှုပြင်းထန်သည့်အပြင် အဆောက်အဦးများထိခိုက်စေမှုနှင့် လူအထိအခိုက်အကျဆုံးဖြစ်ပေါ်စေသော ဗုံးအမျိုးအစားဖြစ်ကြောင်း စစ်လက်နက်ကျွမ်းကျင်သူများထံမှ သိရသည်။

မြန်မာစစ်တပ်အနေဖြင့် ယခင်တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း၌လည်း မီးလောင်ဗုံးအမျိုးအစားများအသုံးပြုခဲ့သည်မှာ လက်ရှိအချိန်အထိဖြစ်နေသည့်အတွက် အရပ်သားသေဆုံးမှုများစွာဖြစ်ပေါ်စေနိုင်ပြီး လူအခွင့်အရေးအရနှင့် ဂျီနီဗာကွန်ဗန်ရှင်းအရ ချိုးဖောက်မှုမှာ ပိုမိုပေါ်လွင်စေကြောင်း နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ကိုရဲမှဆိုသည်။

"စစ်ကောင်စီတပ်တွေအနေနဲ့က ယခင်တိုင်းရင်းသားဒေသတွေမှာလည်း ဗုံးကြဲတိုက်ခိုက်မှုတွေရှိခဲ့တယ်။ လေကြောင်းကော အဝေးပစ်တွေကောပေါ့။ အဲဒီမှာလည်း မီးလောင်ဗုံးတွေအသုံးပြုတယ်။ အခုလည်းထပ်ပြီးအသုံးပြုတိုက်ခိုက်နေတုန်းပဲ။ အခုအချိန်က အာဏာသိမ်းယူချိန်ဖြစ်တဲ့အတွက် ပိုဆိုးသွားတယ်"ဟု ၎င်းမှဆိုသည်။

ကယား(ကရင်နီ)ပြည်နယ်၌ မြန်မာစစ်တပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်မှ လေကြောင်းနှင့် လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် နေအိမ်(၇၀၀)လုံးကျော်နှင့် ခရစ်ယာန်ဘုရားကျောင်း(၃၀)ခန့်မှာ မီးလောင်ကျွမ်းပျက်စီးမှုရှိခဲ့ကြောင်း ထိခိုက်ပျက်စီးမှုစာရင်းကောက်ယူထားသည့် အဖွဲ့အစည်းများထံမှ သိရသည်။

ဗီဒီယိုများ