အရိုးကင်ဆာဖြစ်၍ စစ်တွေဆေးရုံကြီးတွင် ကုသမှုခံယူနေသည့် ၈ နှစ်အရွယ်ကလေး သေဆုံး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဝဲကြီးကျေးရွာမှ အသက် (၈) နှစ်အရွယ် ကလေးငယ်တစ်ဦးတွင် ဘယ်ဖက်လက်မောင်း၌ အရိုးကင်ဆာရောဂါခံစားနေသည့်အတွက် စစ်တွေဆေးရုံတွင် ဆေးကုမှုခံယူနေစဉ် ယမန်နေ့ညနေ ၅ နာရီခန့်က သေဆုံးသွားခဲ့ကြောင်း သိရသည်။

20 Sep 2021

DMG ၊ စက်တင်ဘာ ၂၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဝဲကြီးကျေးရွာမှ အသက် (၈) နှစ်အရွယ် ကလေးငယ်တစ်ဦးတွင် ဘယ်ဖက်လက်မောင်း၌ အရိုးကင်ဆာရောဂါခံစားနေသည့်အတွက် စစ်တွေဆေးရုံတွင် ဆေးကုမှုခံယူနေစဉ် ယမန်နေ့ညနေ ၅ နာရီခန့်က သေဆုံးသွားခဲ့ကြောင်း သိရသည်။

အရိုးကင်ဆာရောဂါကြောင် သေဆုံးသွားသည့်ကလေးငယ်မှာ ဦးသန်းဝင်းနှင့် ဇနီးဒေါ်ခင်မာရီတို့၏ သုံးယောက်မြောက် အငယ်ဆုံးသား မောင်မြင့်မြတ်ကျော်ဖြစ်သည်။

ဖခင် ဦးသန်းဝင်းက “ကလေးကတော့ မနေ့ကညနေက ဆုံးသွားတယ်။ ဆုံးသွားတာကတော့ အဲဒီကင်ဆာရောဂါကြောင့် ဆုံးသွားတာပါ။ သားလေးမဆုံးမီအချိန်က အဲဒီအနာက နာတဲ့အတွက်အော်တယ်၊ ငိုတယ်။ ပြီးတော့ အနာကယားတဲ့အတွက် ကုတ်ခိုင်းတာတွေရှိတယ်။ အနာကမသက်သာပဲ ပိုပြီးတော့ဆိုးလာတယ်”ဟု ပြောသည်။

မောင်မြင့်မြတ်ကျော်မှာ အသက်(၇)အရွယ်ကပင် အရိုးကင်ဆာရောဂါကိုခံစားခဲ့ရပြီး ဘယ်ဖက်လက်ကောက်ဝတ်နေရာ၌ အဖုအထစ်ပေါ်လာသည့်အခြေအနေကစပြီး ယခုကဲ့သို့ရောဂါဖြစ်သွားခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက ရန်ကုန်သို့သွားရောက်ကာ ဆေးကုသခဲ့သော်လည်း နိုင်ငံရေးအခြေအနေမငြိမ်သက်မှုများကြောင့် ရန်ကုန်ဆေးရုံမှ ဆရာဝန်များက စစ်တွေသို့ပြန်လွှတ်ခဲ့ကာ ပြီးခဲ့သည့်သြဂုတ်လအတွင်းက စစ်တွေဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ကြောင်း သိရသည်။

ရောဂါပြန်လည်ပြင်းထန်လာတဲ့အတွက် နောက်ထပ် စစ်တွေဆေးရုံကြီးတွင် ဒုတိယအကြိမ် ဆေးကုသမှုခံနေစဉ်အတွင်း သေဆုံးသွားခြင်းဖြစ်သည်။

“သားလေးအတွက် ရုပ်အလောင်းကိုစီစဉ်ရန် ရွှေရောင်မေတ္တာကို အကူအညီတောင်းပြီးတော့ စစ်တွေသုဿန်မှာ မနေ့ကညကတည်းက သဂြိုလ်ခဲ့ပါတယ်။ ကျနော်မှာတော့ ဒီသားလေးက အငယ်ဆုံးဆိုတော့ တအားခံစားရပါတယ်" ဟု ဦးသန်းဝင်းကဆိုသည်။

မောင်မြင့်မြတ်ကျော်တို့ မိသားစုမှာ ၎င်းနေထိုင်ရာကျေးရွာ၌ ငါးဖမ်း၊ ငါးရှာ၍ လုပ်ကိုင်စားသောက်နေကြသူများ ဖြစ်ကြသည်။

ဗီဒီယိုများ