မြန်မာ-ဘင်္ဂလားဒေ့ရှ် သွားလာခွင့်ပိတ်ထားသဖြင့် ကုန်သည်များအခက်တွေ့

နှစ်နိုင်ငံသွားလာခွင့်ကို ပိတ်ထားသဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ကုန်သည်များအနေဖြင့် မြန်မာဘက်တွင်ရှိသော ကုန်ပစ္စည်းများကို လာရောက်မကြည့်နိုင်သလို မြန်မာဘက်မှ ကုန်သည်များမှာလည်း ဘင်္ဂလာဒေ့ရှ်ဘက်ကို ဈေးကွက်သစ်များရှာဖွေရန် မသွားရောက်နိုင်သဖြင့် ကုန်စည်တင်ပို့ရာတွင် ဈေးနှိမ်ခံနေရသည်။

20 Aug 2019

ချလူးအောင် | DMG

သြဂုတ် ၁၉၊ မောင်တော

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနယ်စပ်ကုန်သွယ်မှုကို ဖွင့်လှစ်ထားသော်လည်း မြန်မာဘက်မှ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ နေ့ချင်းပြန် Daily Passport ၊ ခုနှစ်ရက် Passport များဖြင့် သွားလာခွင့်ပိတ်ထားသဖြင့် ကုန်သည်များ အခက်အခဲဖြစ်နေကြသည်။

နှစ်နိုင်ငံသွားလာခွင့်ကို ပိတ်ထားသဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ကုန်သည်များအနေဖြင့် မြန်မာဘက်တွင်ရှိသော ကုန်ပစ္စည်းများကို လာရောက်မကြည့်နိုင်သလို မြန်မာဘက်မှ ကုန်သည်များမှာလည်း ဘင်္ဂလာဒေ့ရှ်ဘက်ကို ဈေးကွက်သစ်များရှာဖွေရန် မသွားရောက်နိုင်သဖြင့် ကုန်စည်တင်ပို့ရာတွင် ဈေးနှိမ်ခံနေရသည်ဟု မောင်တောမြို့မှ ကုန်သည်တစ်ဦးဖြစ်သူ ကိုတိုဖိတ်က ပြောသည်။

“နယ်စပ်ကုန်သွယ်ရေးကနေ ပတ်စ်ပို့နဲ့ဆိုရင် တစ်ခြားနေရာက ကုန်သည်တွေအတွက် ကောင်းတာပေါ့။ ကျွန်တော်တို့လဲ ပစ္စည်းပို့တာကို အရင်လဲသွားနေကြတယ်။ အခုတော့ ဈေးမှန်မရဘူး ဈေးနည်းတာပေါ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မသွားနိုင်ဘူးလေ” ဟု ၎င်းကပြောသည်။

နေ့ချင်းပြန် Daily Passport နှင့် ခုနှစ်ရက် Passport များကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနောက်ပိုင်း ဘင်္ဂလားဒေရှ့်ဘက်မှ ယင်းသို့ပိတ်ပင်ထားခြင်းဖြစ်သည်။
နှစ်နိုင်ငံသွားလာခွင့်ကို ပိတ်ထားသည့်အပေါ် ပြန်လည်သွားလာခွင့်ရရှိရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း မောင်တောမြို့၊ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောသည်။

“ကုန်သည်တွေ အခက်အခဲကို ကျွန်တော့်ကို တင်ပြလာတယ်။ ကျွန်တော် ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်နဲ့ တွေ့ဆုံးဆွေးနွေးတယ်။ တွေ့တဲ့အခါမှာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဆိုင်တယ်။ အဲဒီဘက်က အဖြေမရသေးတာပါ။ ကျွန်တော်တို့က ကြိုးစားနေတယ်” ဟု ဦးအောင်မြင့်သိန်းက ဆိုသည်။

လက်ရှိမှာ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်သို့ ဂျင်းအများအဆုံး တင်ပို့လျက်ရှိသည်။

ဗီဒီယိုများ