စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ နေအိမ်အချို့ကို ဧည့်စာရင်းဝင်စစ်ခဲ့

စစ်တွေမြို့အနီး ဗျိုင်းဖြူရွာမှ နေအိမ်အချို့ကို မေလ ၂၂ ရက်နေ့ ညနေ ၉ နာရီခွဲခန့်က စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာများပါဝင်ပြီး ဧည့်စာရင်းလာရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

23 May 2022

ဓါတ်ပုံ- စစ်တွေမြို့မှ ဗျိုင်းဖြူရွာသို့ သွားသည့်လမ်းအား တွေ့ရစဉ်။

DMG ၊ မေ ၂၃

စစ်တွေမြို့အနီး ဗျိုင်းဖြူရွာမှ နေအိမ်အချို့ကို မေလ ၂၂ ရက်နေ့ ညနေ ၉ နာရီခွဲခန့်က စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာများပါဝင်ပြီး ဧည့်စာရင်းလာရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ဧည့်စာရင်းစစ်ဆေးရာတွင် စစ်တပ်၊ ရဲ၊ လဝကနှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်ပြီး မည်သည့်အတွက်ကြောင့်စစ်ဆေးသည်ကို ပြောကြားခဲ့ခြင်းမရှိဘဲ ည ၁၂ နာရီအချိန်ခန့်တွင် ပြန်လည်ထွက်ခွာသွားကြသည်ဟု လုံခြုံရေးအရမဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

“သူတို့တစ်ရွာလုံးကို စစ်ဆေးခဲ့တာမဟုတ်ပါဘူး။ လမ်းမပေါ်ကအိမ်အထိပဲ ဧည့်စာရင်းစစ်ဆေးခဲ့တာပါ။ ဘာကြောင့်စစ်ဆေးတာကိုတော့ မသိဘူး။ သွားစစ်ဆေးတဲ့အခါမှာတော့ စစ်တပ်၊ ရဲ၊ လဝက၊ မီးသတ်၊ ကျနော်တို့ရပ်ကွက်က ရာအိမ်မှူးသုံးယောက်နဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက် သွားစစ်ဆေးတာပါ။ ရွာသားတွေကိုတော့ အနှောင့်အယှက်ပေးတာမျိုးတော့မရှိခဲ့ပါဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါပူးပေါင်းအဖွဲ့သည် ရုတ်တရက်ဝင်ရောက်ပြီး ဧည့်စာရင်းစစ်ဆေးသဖြင့် ဒေသခံများ စိုးရိမ်မှုများဖြစ်ပေါ် ခဲ့ကြောင်းဆိုသည်။

“သူတို့က ရုတ်တရက်ဝင်လာတော့ ရွာသားတွေမှာ စိုးရိမ်မှုတော့ရှိကြတာပဲလေ။ နေ့ခင်းလည်းမဟုတ်ဘူး၊ ညအချိန်မှ လာစစ်ဆေးတာဆိုတော့ ရွာကလူတွေလည်း ကြောက်လန့်နေကြတယ်”ဟု အမည်မဖော်လိုသည့် နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်မေလ ၁၇  ရက် ည ၉ နာရီခန့်အချိန်ကလည်း စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ နေအိမ်များကို အိမ်ထောင်စုစာရင်းများ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

“အခုလို စစ်ဆေးတာဟာ စစ်တပ်ကလုပ်ရမယ့် အလုပ်မဟုတ်ဘူး။ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးဟာ ကိုယ့်ရပ်ရွာဒေသတွေကို အုပ်ချုပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေပဲ လုပ်ရမယ့်အလုပ်။ အဲဒါကို စစ်တပ်ကဝင်ရောက်ပြီး တမင်တကာလုပ်နေတာတွေဟာ ရခိုင်ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာဖြစ်တယ်။ ရန်စနေတဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ပြောလိုတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေကပြောသည်။

ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်(AA)က တရားစီရင်ရေး၊ အုပ်ချုပ်ရေးကိစ္စများကိုဆောင်ရွက်နေပြီး မြန်မာစစ်တပ်မှလည်း တစ်ရွာဝင်တစ်ရွာထွက်ကာ  ဒေသခံများကိုစစ်ဆေးမေးမြန်းခြင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) အဖွဲ့ဝင်များကို ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဗီဒီယိုများ