ပလက်ဝတွင် မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်နေဟု AA ပြော

လက်ရှိ AA နှင့် မြန်မာစစ်တပ်တို့ အကြား စစ်ရေးတင်းမာမှုဖြစ်နေချိန်တွင် ပလက်ဝဒေသမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်က ဖမ်းဆီးနေခြင်းမှာ ကြီးမားသည့် လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းသာဖြစ်ကြောင်း AA  တာဝန်ရှိသူက ပြောသည်။

11 Jun 2022

DMG ၊ ဇွန် ၁၁

လက်ရှိ AA နှင့် မြန်မာစစ်တပ်တို့ အကြား စစ်ရေးတင်းမာမှုဖြစ်နေချိန်တွင် ပလက်ဝဒေသမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်က ဖမ်းဆီးနေခြင်းမှာ ကြီးမားသည့် လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းသာဖြစ်ကြောင်း AA  တာဝန်ရှိသူက ပြောသည်။

ယခု တကျော့ပြန် တိုက်ပွဲဖြစ်ပွားမှုအတွင်း ချင်းပြည်နယ် ပလက်ဝ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာသားအချို့ကို မြန်မာစစ်တပ်က ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေပြီး ထိုသို့ ဖမ်းဆီးနေခြင်းမှာ ဒေသအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းရေးကို ခြိမ်းခြောက်နေသည့် လုပ်ရပ်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) မှ ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG သို့ ပြောသည်။

“ရွာနားမှာတိုက်ပွဲဖြစ်လို့ ရွာလူကြီးတွေကို ဖမ်းဆီးတာ၊ ရွာသားတွေကို ညှင်းပန်းနှိပ်စက်တဲ့ ဆိုတာကတော့ ကြီးမားတဲ့ လူအခွင့်အရေး ချိုးဖောက်မူဖြစ်တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခိုင်လှုံတဲ့ အကြောင်းပြချက်မ ရှိဘဲ ဖမ်းဆီးနေတာတော့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်းရေးကို ခြိမ်းခြောက်တဲ့လုပ်ရပ် ဖြစ်တယ် ” ဟု ခိုင်သုခက ဆိုသည်။

လက်ရှိတွင် မြန်မာစစ်တပ်နှင့်  AA တို့သည် ရခိုင်ပြည်နှင့် ပလက်ဝဒေသတို့တွင် စစ်ရေးတင်းမာနေသည့် အနေအထားရှိနေပြီး အချိန်မရွေး ထိပ်တိုက်တွေ့ဆုံမှုကနေ တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်းနှင့် အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့မှာလည်း AA နှင့် တစုံတရာ အဆက်အသွယ်မရှိဟုလည်း ခိုင်သုခက ဆိုသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန် စစ်ရေးတင်းမာမှုရှိနေသည့် ပလက်ဝမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မြန်မာစစ်တပ်က ဒေသခံများကို မကြာခဏ ဖမ်းဆီးမှုများရှိနေပြီး ဇွန်လ ၈ ရက်နေ့ ကလည်း ရာအိမ်မှူးတစ်ဦး ထပ်မံဖမ်းဆီးခံလိုက်ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံရသူမှာ ပလက်ဝမြို့နယ်၊ မြို့မရပ်ကွက်မှ အသက် ၆၀ အရွယ် ရာအိမ်မှူး ဦးမောင်ဝင်း ဆိုသူဖြစ်ပြီး ဇွန်လ ၈ ရက်နေ့ ည ၇ နာရီခန့်အချိန်တွင် ပလက်ဝ အခြေစိုက် ခလရ (၂၈၉) တပ်ရင်း တပ်ဖွဲ့ဝင်များက နေအိမ်ကနေ ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု သမက်ဖြစ်သူ မောင်ဖြူယေ က ပြောသည်။

“ကျွန်တော်ယောက်ခမကို အိမ်ကနေလာပြီးတော့ ဖမ်းသွားတာ။ စစ်တပ်က ဖမ်းသွားတာပါ။ ဘာဖြစ်လို့ ဖမ်းသွားလေဆိုတာကိုလည်း မသိရဘူး။ စစ်သား ၅ ယောက်ရောက်လာပြီးတော့ ဖမ်းသွားတာ။ မိသားစုနဲ့ ဒီနေ့အထိ တွေ့ခွင့်မရဘူးဆိုတော့ တခုခုဖြစ်မှာကို စိုးရိမ်းမှုရှိတာပေါ့ ” ဟု DMG ကိုပြောသည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က အဘောင်သားကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အဘောင်သားကျေးရွာမှ ဆယ်အိမ်မှူးနှစ်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ပလက်ဝအခြေစိုက် ခလရ (၂၈၉) တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတို့ကပြောသည်။
ယင်းအထဲမှ လက်ရှိတွင် ဆယ်အိမ်မှူးနှစ်ဦးတို့ ပြန်လွတ်လာခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ယနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးဟု အဘောင်သားကျေးရွာသားတစ်ဦးက ပြောဆိုသည်။

“သူကို ဖမ်းသွားတာ ၂ ပတ်ကျော်သွားပြီ။ အခုအချိန်ထိ အဆက်အသွယ်မရသေးဘူး။ အဲဒီနေ့က ဆယ်အိမ်မှူးနှစ်ဦးနဲ့ အုပ်ချုပ်ရေးမှူးကိုဖမ်းသွားတာ။ အုပ်ချုပ်ရေးမှူးက အခုအချိန်ပြန်မလွတ်လာသေးဘူး” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် အဘောင်သားကျေးရွာသားတစ်ဦးက DMG ကိုပြောသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ (၄) ရက်နေ့ကလည်း ပလက်မြို့ မြို့မရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၅၇ အရွယ် ဦးမောင်မဲကျော့မှာလည်း မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံထားရသည့်အတွက် လက်ရှိတွင် ပလက်ဝဒေသတွင် ရပ်ကျေးအုပ်ချုပ်ရေးပိုင်းက ဖမ်းဆီးခံထားရသူ (၃) ဦးအထိ ရှိလာပြီးလည်းဖြစ်သည်။

ထိုသို့ ပလက်ဝဒေသမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးနေခြင်းနှင့် ပတ်သက်ပြီး မြန်မာစစ်တပ် သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်မေး မြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ရခိုင်တွင် တိုက်ပွဲများပြင်းထန်ခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၅ ရက်နေ့က ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၃ ဦး ဖမ်းဆီးခံရပြီးနောက်တွင် ကျန်ရှိသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တာဝန်မှနှုတ်ထွက်ရန် စာတင်ခဲ့ကြသည်။

အလားတူ ၂၀၁၉ ခုနှစ်က ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့နယ်များမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှာ အလားတူ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့မှာ AA နှင့် ပတ်သက် ဆက်နွယ်သည်ဟုဆိုကာ မြန်မာစစ်တပ်က ဖမ်းဆီးခဲ့မှုများကြောင့် တာဝန်မှနှုတ်ထွက်ရန် သက်ဆိုင်ရာဌာနသို့ စာတင်ခဲ့မှုများ ရှိခဲ့သည်။

လက်ရှိတွင်လည်း စစ်တွေမြို့နယ် ဘောဒူပ (မွတ်ဆလင်) ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကြက်ကိုင်းတန်း ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှာ သစ်တောဥပဒေဖြင့် ဖမ်းဆီခြင်းခံထားရသည်။

ဗီဒီယိုများ