ပျက်စီးသွားသည့် စစ်ဘေးရှောင်နေအိမ်များကို ပြုပြင်ပေးမည်ဟု ပြည်နယ်စစ်ကောင်စီပြော

ရခိုင်တွင် ဧပြီ ၂၀ ရက်နေ့က ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် စစ်ဘေးရှောင်စခန်းကနေအိမ်များကို ပြန်လည်ပြင်ဆင်ရန် သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးများကို တာဝန်ပေးထားကြောင်း ပြည်နယ်စစ်ကောင်စီမှ သိရသည်။

22 Apr 2022

DMG ၊ ဧပြီ ၂၂

ရခိုင်တွင် ဧပြီ ၂၀ ရက်နေ့က ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် စစ်ဘေးရှောင်စခန်းကနေအိမ်များကို ပြန်လည်ပြင်ဆင်ရန် သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးများကို တာဝန်ပေးထားကြောင်း ပြည်နယ်စစ်ကောင်စီမှ သိရသည်။

“သက်ဆိုင်တဲ့ခရိုင်အုပ်ချုပ်ရေးမှူးတွေကို အကုန်လုံး တာဝန်ပေးထားပြီးသား။ ပျက်စီးသွားတာတွေကို ပြင်လို့ရတာတွေကို ပြင်မယ်။ အမိုးပျက်ရင်အမိုးကိုပြင်မယ်။ နေထိုင်လို့ရအောင် လုပ်ခိုင်းထားတယ်”ဟု ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းက DMG ကိုပြောသည်။

ထိုသို့ပြင်ဆင်ခိုင်းရာတွင် အမိုးအကာပွင့်ထွက်သွားသည့် နေအိမ်များကို အမိုးအကာပြန်မိုးပေးခြင်း၊ ပြိုကျသွားသည့်နေအိမ်များကို ပြန်လည်ဆောက်လုပ်ပေးခြင်းများ ပြုလုပ်ခိုင်းထားပြီး ကုန်ကျစရိတ်များကိုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အရေးပေါ်ဖြစ်တဲ့အတွက် ချက်ချင်းလုပ်။ လုပ်ပြီးတော့မှ ငါတို့ကိုဘယ်လောက်ကုန်ကျသလဲ။ အဲလိုလုပ်ခိုင်းထားတာ။ ဘယ်လိုပြင်မယ်ဆိုတာကို ငါတို့ဆီတင်ပြလို့မပြောဘူး။ ဘယ်မှာဘာလုပ်တယ်။ လုပ်ပြီးတော့မှ ငါတို့ကိုတင်ပြ။ ပိုက်ဆံကို ငါတို့ကချပေးမယ်။ အဲလိုပြောထားတယ်”ဟု ဦးလှသိန်းကဆိုသည်။

လက်ရှိတွင် မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများမှ ပျက်စီးသွားသည့်နေအိမ်များကို ပြန်လည်ပြင်ဆင်လျက်ရှိသည်ဟု မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်က DMG ကိုပြောသည်။

“ပျက်စီးသွားတဲ့စစ်ဘေးရှောင်စခန်း ၁၉ ခုရှိပါတယ်။ ၁၉ ခုလုံးကိုပြင်ခိုင်းထားတယ်။ ဘယ်လောက်ပြီးစီးပြီလဲဆိုတော့ ပြောလို့မရသေးဘူး။ မနေ့ကမှဆောင်ရွက်နေတာပါ။ လောလောဆယ် ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ပြီးစီးမှုအနေအထားကတော့ အမိုးပွင့်သွားတဲ့နေအိမ်တွေကိုကျတော့ ၈၀ ရာခိုင်နှုန်းလောက်ပြီးနိုင်ပါတယ်”ဟု ဦးစိုးသက်ကဆိုသည်။

သို့သော်လည်း နေအိမ်အများအပြားပျက်စီးသွားသည့် မြောက်ဦးမြို့၊ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းတွင် ပျက်စီးနေအိမ်များကိုမူ ပြုပြင်ပေးခြင်းမရှိသေးကြောင်း စခန်းတာဝန်ခံ ဆရာတော် အရှင်နန္ဒသာရကမိန့်သည်။

“နေအိမ်တွေက တစ်ချို့အိမ်တွေက ဒီအတိုင်းပဲရှိသေးတယ်။ ပြန်မပြင်ရသေးဘူး။ အိမ်အမိုးပွင့်သွားတဲ့ နေအိမ်တွေကိုတော့ တာပေါ်လိပ်တွေနဲ့မိုးထားတယ်။ တစ်ခြား ပြင်ပေးတာမရှိသေးပါဘူး။ စာရင်းတော့ကောက်လာတယ်။ ကိုယ်တော်တို့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို စာရင်းသွားတင်ထားတယ်”ဟု ဆရာတော်ကမိန့်ကြားသည်။

DMG မှလေ့လာချက်အရ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့်နေအိမ်များမှာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားတို့ရှိ စစ်ဘေးရှောင်များမှ နေအိမ်အလုံး ၉၀၀ ကျော် ပျက်စီးမှုရှိခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်စခန်းမှနေအိမ်များအပြင် မြို့ပေါ်နေအိမ်တချို့နှင့် စာသင်ကျောင်းတချို့လည်း ပျက်စီးမှုရှိခဲ့သည်။

ဗီဒီယိုများ