ကိုဗစ်ကာလ စီးပွားရေးလုပ်ငန်းရှင်များအတွက် ဒုတိယအကြိမ် ချေးငွေထုတ်ချေးမည်

COVID-19 ကာလအတွင်း စီးပွားရေးထိခိုက်သော လုပ်ငန်းရှင်များအတွက် စီးပွားရေးပြန်လည် လည်ပတ်လာစေရန် တစ်နိုင်ငံလုံးတွင် ကျပ်ဘီလီယံ ၁၀၀ ကို နိုင်ငံတော်က ဒုတိယအကြိမ် ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

By မျိုးသီရိကျော် 05 Aug 2020

မျိုးသီရိကျော် | DMG
သြဂုတ် ၅ ၊ စစ်တွေ  

COVID-19 ကာလအတွင်း စီးပွားရေးထိခိုက်သော လုပ်ငန်းရှင်များအတွက် စီးပွားရေးပြန်လည် လည်ပတ်လာစေရန် တစ်နိုင်ငံလုံးတွင် ကျပ်ဘီလီယံ ၁၀၀ ကို နိုင်ငံတော်က ဒုတိယအကြိမ် ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေထွက်ပစ္စည်းလုပ်ကိုင်သည့် လုပ်ငန်း၊ ပြည်ပပို့ကုန် ထုတ်လုပ် သည့်လုပ်ငန်း၊ သွင်းကုန်အစားထိုးပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ၊ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်း၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုများနှင့် အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်း စသည့် လုပ်ငန်းများအတွက် ထုတ်ချေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာထူးမင်းသိမ်းက ပြောသည်။

“ချေးငွေကတော့ တစ်ဦးကိုဘယ်လောက်ပေးမယ်ဆိုတာ ပျမ်းမျှသတ်မှတ်ထားတာမရှိဘူး။ လုပ်ငန်းပမာဏပေါ် မူတည်ပြီးတော့ ကိုဗစ်ကုစားရေးကော်မတီက စီစစ်ရေးပြုလုပ်ပြီး ထုတ်ချေးသွားမှာပါ။ သိန်းတစ်ရာလိုချင်တယ် ဆိုပေမယ့်လည်း ရချင်မှရမှာလေ။ အဓိကက လုပ်ငန်းပေါ်မှုတည်ပါတယ်” ဟု ဒေါက်တာထူးမင်းသိမ်းက ဆိုသည်။

၎င်းချေးငွေများကို စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အတိုးနှုန်း ၁ ရာခိုင်နှုန်းနှင့် ချေးငွေကာလ တစ်နှစ် သတ်မှတ်ပြီး အစိုးရမှထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ဆိုသည်။

“လက်ရှိမှာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ လုပ်ငန်းငယ်တွေ အကုန်လုံးက နှောင့်နှေးနေကြတယ်။ အဲလိုမျိုး နှောင့်နှေးနေတော့ ငွေရေးကြေးရေးတွေလည်း ကြပ်တည်းတယ်။ ဆိုတော့ အခုလိုမျိုး နိုင်ငံတော်က ချေးငွေ ထုတ်ချေးပေးတာဟာ လုပ်ငန်းရှင်တွေအတွက် အထောက်အကူဖြစ်စေပါတယ် ” ဟု ၎င်းကဆိုသည်။

စီးပွားရေးလုပ်ငန်းရှင်များအတွက် ပထမအကြိမ်ချေးငွေကို ဧပြီလအတွင်းက ထုတ်ချေးခဲ့ရာ ရခိုင်ပြည်နယ် အတွင်းမှ စီးပွားရေးလုပ်ငန်းရှင် ၄၃ ဦးတို့က ချေးငွေယူခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ပထမအကြိမ် ချေးငွေထုတ်ချေးသူများအနေဖြင့် ထပ်မံပြီး ချေးငွေထုတ်ယူခွင့်မရှိတော့ကြောင်းလည်း သိရသည်။

ယခု ဒုတိယအကြိမ်ချေးငွေကို လျှောက်ထားသည့် လုပ်ငန်းရှင်ဦးရေ မည်မျှရှိနေသည်ကို အတိအကျ မသိရသေးပေ။

ဗီဒီယိုများ