ရသေ့တောင်မြို့အနီးရှိ တပ်မတော်တပ်ရင်း (၃) ခုကို AA တိုက်ခိုက်

တပ်မတော်၏ ခမရ ၅၃၆ ၊ ၅၃၇ ၊ ၅၃၈ တပ်ရင်းများမှ ရသေ့တောင်မြို့၏မြောက်ပိုင်း လိုင်ဂွင်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ယခုရက်ပိုင်း မဆင်မခြင်ပစ်ခတ်နေမှုကြောင့် AA က သတိပေးပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

By ခိုင်ရိုးလ 16 Nov 2019

ရက္ခိုင့်တပ်တော်(AA) မှ စစ်သည်တော်များ စစ်ရေးလေ့ကျင့်နေကြစဉ်။ (ဓာတ်ပုံ - AA)

ခိုင်ရိုးလ | DMG
နိုဝင်ဘာ ၁၆ ၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့အနီးရှိ တပ်မတော်ခြေမြန်တပ်ရင်းသုံးခုကို နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တပ်မတော်၏ ခမရ ၅၃၆ ၊ ၅၃၇ ၊ ၅၃၈ တပ်ရင်းများမှ ရသေ့တောင်မြို့၏မြောက်ပိုင်း လိုင်ဂွင်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ယခုရက်ပိုင်း မဆင်မခြင်ပစ်ခတ်နေမှုကြောင့် AA က သတိပေးပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“ဘာကြောင့်ပစ်ရလဲဆိုရင် ဗမာစစ်တပ်ဟာ ဒီတပ်ရင်းဌာနချုပ်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ မဆင်မခြင် ရမ်းကားပစ်ခတ်မှုတွေကို ဒီရက်ပိုင်းမှာ ပိုပြီးတော့လုပ်လာတဲ့အတွက် တန်ပြန်သတိပေးပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာပါ” ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက DMG ကိုပြောသည်။

AA ၏ ပြောဆိုချက်ကို တပ်မတော်ကငြင်းဆိုလိုက်ပြီး အဆိုပါတပ်ရင်းများသည် အမြောက်တပ်ရင်းများမဟုတ်ပဲ လက်နက်ကြီးပစ်ခတ်မှုများလည်း မရှိကြောင်း တပ်မတော်ဘက်က ပြောဆိုသည်။

တပ်မတော်ဘက်မှ ထိုသို့ငြင်းဆိုသော်လည်း ၎င်းတပ်ရင်းများမှ နေ့စဉ် လက်နက်ကြီးပစ်ခတ်မှုများရှိနေကြောင်း တပ်ရင်းအနီးရှိ င/တောက်တူချေကျေးရွာမှ လုံခြုံရေးအရအမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးစခန်းကတော့ ၅၃၇ မှာ တည်ထားတယ်လို့ ကြားတယ်။ ဒီနေရာကနေ လက်နက်ကြီးအမြှောက်တွေ အမြဲတမ်းလှမ်းပစ်နေတာရှိတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် င/တောက်တူချေ ကျေးရွာသားတစ်ဦးက DMG ကို ပြောသည်။

AA က ၎င်းတပ်ရင်းများကို ဒုံးကျည်များဖြင့် အဝေးမှလှမ်းပစ်ခဲ့ခြင်းဖြစ်ကြောင်း မနေ့ကဖြစ်စဉ်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

ထိုသို့ပစ်ခတ်မှုကြောင့် တပ်ရင်းအနီးရှိ င/တောက်တူချေကျေးရွာအနီး လက်နက်ကြီးကျရောက်ကာ ရွာသားတစ်ဦး ကျည်ထိမှန်သွားခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

“အဝေးကနေပြီး တောပစ် တောင်ပစ်လှမ်းပစ်တာ၊ တပ်ထဲကိုမကျဘဲ အဲဒီနားက င/တောက်တူဆိုတဲ့ ရွာနားကိုကျတယ်။ ရွာသားကျည်မှန်သွားတယ်။ သူတို့ပစ်တဲ့ဒုံးသီးနှစ်လုံးက တပ်နဲ့အဝေးကြီးမှာကျတယ်။ တပ်က ဘာမှမဖြစ်ဘူး ” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက DMG ကို ပြောသည်။

ယင်းကဲ့သို့ AA ကပစ်ခတ်၍ ရွာသားကျည်ထိမှန်ခဲ့သည်ဆိုခြင်းမှာ စွပ်စွဲပြောဆိုခြင်းသာဖြစ်ကြောင်း၊ တပ်မတော်တပ်ရင်းဘက်မှ ရွာရှိသည့်ဘက်သို့ပစ်ခတ်၍ ထိမှန်သွားခြင်းသာဖြစ်ကြောင်း AA က ပြန်လှန်စွပ်စွဲ ပြောဆိုသည်။

“ကျနော်တို့က စစ်တပ်ရှိတဲ့နေရာ တပ်ရင်းဘက်ကို အပြင်ကနေသွားပစ်တာ။ အဲဒါ ဗမာစစ်တပ်ဘက်က တစ်ညလုံး ထိချင်လူထိဆိုပြီးတော့ ဗရမ်းပတာပြန်ပစ်တာ။ အဲဒီမှာ ရွာရှိတဲ့ဘက်ကို ပစ်တဲ့အတွက် ထိခိုက်သွားတာဖြစ်တယ်။ သူတို့ရဲ့အပြစ်ကိုဖုံးကွယ်ဖို့အတွက် အခြေမြစ်မရှိစွပ်စွဲပြောဆိုတာ” ဟု AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။

ကျေးရွာသားများ၏ပြောကြားချက်အရ နှစ်ဘက်ပစ်ခတ်သံများကိုကြားရသဖြင့် ရွာသားများမှ နီးစပ်ရာကျေးရွာများသို့ စက်လှေဖြင့်ထွက်ပြေးရန်ကြိုးစားစဉ် အသက် ၃၀ အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်သိန်းအေးမ ကို ကျည်ထိမှန်သွားခဲ့ကြောင်း သိရသည်။

ဒေါ်သိန်းအေးမ၏ ရင်ဘတ်၌ ကျည်ထိမှန်သွားခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ ရသေ့တောင်ဆေးရုံတွင် ဆေးကုသမှုခံယူ နေရကြောင်း င/တောက်တူချေကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြအေးက ပြောသည်။

“မနေ့က ၁၁ နာရီကျော်လောက်မှာ ပစ်ခတ်သံတွေကြားတယ်။ တစ်ဘက်နဲ့တစ်ဖက် အပြန်အလှန်ပစ်ခတ်တယ်ထင်တယ်။ ရွာက ကိုယ်ဝန်ဆောင်တစ်ဦးဒဏ်ရာရတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိမှာ င/တောက်တူချေကျေးရွာသားများ တပ်မတော်မှစစ်ဆေးမည်ကို စိုးရိမ်သဖြင့် ရသေ့တောင်မြို့ပေါ်နှင့် င/တောက်တူကြီးကျေးရွာ၊ ဘာထလေကျေးရွာတို့သို့ ထွက်ပြေးနေကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောဆိုချက်အရ သိရသည်။

ဗီဒီယိုများ