ဘူးသီးတောင်မြို့ပေါ်သို့ စစ်ဘေးရှောင် ၈၀၀ ခန့်ထပ်တိုးလာ၍ အကူအညီများလိုအပ်နေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်သို့ စစ်ဘေးရှောင် ၈၀၀ ခန့် ထပ်တိုးရောက်ရှိလာပြီး ထပ်တိုးစစ်ဘေးရှောင်များအတွက် အကူညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။

By ဝံသ(မောင်တော) 19 Feb 2020

 

ဝံသ(မောင်တော) | DMG
ဖေဖော်ဝါရီ ၁၈၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်သို့ စစ်ဘေးရှောင် ၈၀၀ ခန့် ထပ်တိုးရောက်ရှိလာပြီး ထပ်တိုးစစ်ဘေးရှောင်များအတွက် အကူညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။

လက်နက်ကြီးကျည်များ အဆက်မပြတ် ပစ်ခတ်ကျရောက်ပေါက်ကွဲနေမှုကြောင့် ဘူးသီးတောင်မြို့နှင့် ရသေ့တောင်မြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံ ၈၀၀ ခန့်မှာ ပြီးခဲ့သော ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစတင်ပြီး ဘူးသီးတောင်မြို့ မြတောင်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် လာရောက်ခိုလှုံနေကြရကြောင်း စခန်းတာဝန်ဝန်ခံ ကိုထွန်းမြတ်ဝင်းက DMG သို့ပြောသည်။

" စစ်ဘေးရှောင်ကလေးတွေ ပညာရေး၊ ကျန်းမာရေးအတွက်ဆို အိမ်သာတွေလိုအပ်နေတယ်။ စားနပ်ရိက္ခာကလည်း အစိုးရဖက်က လာကူညီတာမရှိသေးပါဘူး။ အလှူရှင်တွေလောက်သာ လာလှူနေကြတာပါ။ သူတို့အတွက် ရေရှည်နေထိုင်ရေးအတွက်ကတော့ အခုမြတောင်ဘုန်းတော်ကြီးကျောင်းမှာ ယာယီနေထိုင်နိုင်မယ့် တဲ့လေးတွေတည်ဆောက်နေတယ်" ဟု ၎င်းကဆိုသည်။

လက်ရှိကောက်ယူထားသော စာရင်းများအရ လူဦးရေ ကျား/မ ပေါင်း ၇၀၀ ကျော်ရှိကာ အိမ်ထောာင်စုစုပေါင်း ၁၈၀ ခန့်ရှိကြောင်း စခန်းတာဝန်ခံကပြောသည်။

လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ကျေးရွာမှထွက်ပြေးလာခဲ့ကြရပြီး ပြေးလာစဉ်တွင်ပင် ကျေးရွာ တွင်း၌ နေအိမ်အချို့ မီးလောင်ကျွမ်းနေသည်ကို မြင်တွေ့ခဲ့ရကြောင်း သမီးလှကျေးရွာမှ ဒေါ်ဦးမြသန်းကပြောသည်။

"ပြေးလာတော့ ဘာမှ မယူနိုင်ခဲ့ကြပါဘူး။ ဒီအတိုင်း ထွက်ပြေးလာကြရတာပါ။ သားတစ်ဦး ၅ တန်း သမီးတစ်ဦးက ၇ တန်းပါ။ သူတို့အခု ဘယ်မှာစာသင်ရမလဲ၊ စာမေးပွဲဖြေရမလဲဆိုတာ မသိရသေးပါဘူး။" ဟု ၎င်းကပြောသည်။

အဆိုပါ ရွာသူရွာသားများမှာ ဘူသီးတောင်မြို့နယ် ကွမ်းတောင်၊ စည်တောင်၊ နွားရုံတောင်၊ ကံပြင် စသည်ကျေးရွာများအပြင် ရသေ့တောင်မြို့နယ်မှ အိုးဖောက်၊ သမီးလှ၊ သိုင်းတဘုတ်၊ ရေကောင်းချောင်း၊ အုန်းချောင်း၊ အုတ်ဖို၊ ခရုချောင်း၊ ဇေယျာမြိုင်၊ ကျောက်ခုံဘုတ်၊ ဇီးခေါင်း၊ ကျောက်ပြင်ဆိပ် ၊ သပြေဆိပ်၊ စသည့် ကျေးရွာများမှ ဖြစ်ကြကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

မိမိတို့ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း ကျေးရွာအနီးတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများ ရှိနေသည့်အတွက် ရွာထဲသို့ကျရောက်ပါက ထိခိုက်မှုများရှိမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးလာရခြင်းဖြစ်ကြောင်း ရေကောင်းချောင်းကျေးရွာမှ ဒေါ်မသိန်းနုကဆိုသည်။

ယခင်ကဘူးသီးတောင်မြို့ပေါ် ရှိ စစ်ဘေးရှောင်စခန်း ၂ ခုဖြစ်သော ရန်အောင်မြေစခန်းတွင် အိမ်ထောင်စု ၁၄၀၊ လူဦးရေ ၅၂၈ ဦး၊ လမ်းမကျောင်း စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၄၄၇ စု၊ လူဦးရေ ၁၉၀၀ ကျော် နေထိုင်လျှက်ရှိကြောင်း စခန်းတာဝန်ခံများထံမှ သိရသည်။

ဗီဒီယိုများ