ဘူးသီးတောင်တွင် ဈေးဆိုင်အချို့ကို စစ်ကောင်စီရုံးပိတ်ရက်အတွင်း ရောင်းချခွင့်ပိတ်ပင်

ဘူးသီးတောင်မြို့မဈေးကြီးအတွင်းရှိ ဆေးဆိုင်၊ အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီဆိုင်များမှလွဲ၍ ကျန်ဈေးဆိုင်များကို ဇူလိုင်လ ၁၇ ရက်နေ့မှ စ၍ စစ်ကောင်စီမှ သတ်မှတ်ထားသည့် ရုံးပိတ်ရက်အတွင်း လုံးဝရောင်းချခွင့်မပြုကြောင်း ဘူးသီးတောင်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဇူလိုင်လ ၁၆ ရက်နေ့က စာထုတ်ပြန်ထားသည်။

19 Jul 2021

DMG ၊ ဇူလိုင် ၁၉

ဘူးသီးတောင်မြို့မဈေးကြီးအတွင်းရှိ ဆေးဆိုင်၊ အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီဆိုင်များမှလွဲ၍ ကျန်ဈေးဆိုင်များကို ဇူလိုင်လ ၁၇ ရက်နေ့မှ စ၍ စစ်ကောင်စီမှ သတ်မှတ်ထားသည့် ရုံးပိတ်ရက်အတွင်း လုံးဝရောင်းချခွင့်မပြုကြောင်း ဘူးသီးတောင်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဇူလိုင်လ ၁၆ ရက်နေ့က စာထုတ်ပြန်ထားသည်။

ဖွင့်လှစ်ခွင့်ရသော ဈေးဆိုင်အချို့မှာလည်း နံနက် ၅ နာရီကနေ နေ့လယ် ၁ နာရီအထိသာ ရောင်းချရန်နှင့် လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်နှင့် မုန့်တီဆိုင်များမှာ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ထုတ်ပြန်စာတွင် ပါရှိသည်။

ဘူးသီးတောင်မြို့စည်ပင်သာယာရေးကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စံက "အခုရောင်းချခွင့် လုံးဝပိတ်ထားတဲ့ ဆိုင်တွေကလည်း နိုင်ငံတော်က တရားဝင် ရုံးပိတ်ရက်အဖြစ် ကြေညာထားတဲ့ ၂၅ ရက်နေ့အထိပဲ ပိတ်ခိုင်းတာပါ။ ၂၅ ရက်နေ့အထိ ရောဂါပိုးထပ်မတိုးဘူးဆိုရင်တော့ ပြန်ဖွင့်ခိုင်းမှာပေါ့။ အခုအချိန် အကန့်အသတ်နဲ့ ရောင်းခွင့်ပေးထားတဲ့ ဈေးဆိုင်တွေ ပါဆယ်စနစ်နဲ့ ရောင်းချခိုင်းထားတဲ့ ဆိုင်တွေကိုလည်း အဲဒီအချိန်ကျရင် ပုံမှန်အတိုင်းရောင်းချခွင့်ပေးမှာပါ" ဟု ပြောသည်။

အကယ်၍ အဆိုပါ ညွှန်ကြားချက်များကို လိုက်နာမှုမရှိဘဲ ဆက်လက်ရောင်းချပါက သဘာဝဘေးအန္တာရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဟု ဦးခင်မောင်စံက ဆိုသည်။

ဘူးသီးတောင်မြို့မဈေးပြင်တန်းမှ "ကျော်ကြားစံ "အဝတ်ဆိုင်ပိုင်ရှင် မအေးအေးသန်းက "ဆိုင်တွေ ပိတ်ရမယ်လို့တော့ လော်စပီကာနဲ့အော်တယ်။ အစတုန်းကတော့ ကျမတို့ပြင်တန်းကဆိုင်တွေ ပိတ်ရမယ်လို့ ပြောသံတော့မကြားမိဘူး။ ဈေးထဲကဆိုင်တွေပဲ ပိတ်ရမယ်ထင်တာ။ အဲတာကြောင့် ကျမတို့ပြင်တန်းက ဆိုင်တွေက ဒီနေ့မနက်ပိုင်းက ဖွင့်ကြတယ်။ ခဏကြာတော့ လူကြီးတွေရောက်လာပြီး ပြန်ပိတ်ခိုင်းလို့ ပိတ်လိုက်ရတယ်။ တပတ်တိတိ ပိတ်ရမှာဆိုတော့ ငွေကြေးအခက်အခဲ ရှိလာနိုင်တာပေါ့။ ဒါပေမဲ့ ကျန်းမာရေးနဲ့ပတ်သက်လာရင်တော့ ဘယ်တတ်နိုင်ပါ့မလဲ။ ပိတ်ပေးရမှာပေါ့" ဟု ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၇၄ ဦးအထိရှိပြီး ယင်းထဲမှာ ဆေးရုံမှ ဆင်းခွင့်ရလူနာ ၅၀ ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။

ဗီဒီယိုများ