ဘူးသီးတောင်တိုက်ပွဲအတွင်း မွတ်ဆလင်တစ်ဦး ဒဏ်ရာရ၊ နှစ်ဦးပျောက်ဆုံးနေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စံညှင်းဝေအုပ်စုရှိ ပြင်ရှည်(မွတ်ဆလင်)ကျေးရွာနှင့် တစ်မိုင်ကျော် အကွာတွင် အောက်တိုဘာ ၅ ရက် ညနေပိုင်းက တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။

By ကျော်မျိုးအောင် 05 Oct 2020



ကျော်မျိုးအောင် | DMG
အောက်တိုဘာ ၅ ၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စံညှင်းဝေအုပ်စုရှိ ပြင်ရှည်(မွတ်ဆလင်)ကျေးရွာနှင့် တစ်မိုင်ကျော် အကွာတွင် အောက်တိုဘာ ၅ ရက် ညနေပိုင်းက တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။

ယင်းသို့တိုက်ပွဲဖြစ်စဉ်အတွင်း ပြင်ရှည်(မွတ်ဆလင်)ကျေးရွာမှ ရွာသားတစ်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ပြီး နှစ်ဦးမှာ ပျောက်ဆုံးလျက်ရှိနေကြောင်း ယင်းကျေးရွာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြင်ရှည်(မွတ်ဆလင်)ကျေးရွာမှ နွားကျောင်းနေသူများအပါအဝင် ရွာသား ၁၄ ဦးကို တပ်မတော်စစ်ကြောင်း တစ်ခုမှခေါ်ဆောင်သွားခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားရာ၌ ယင်းသို့ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာ တာဝန်ရှိသူ ဦးဆော်လိမ်က DMG သို့ ပြောသည်။

“စစ်ကြောင်းတစ်ခုက ကျွန်တော်တို့ကျေးရွာက နွားကျောင်းနေသူတွေနဲ့ လမ်းမှာတွေ့သူတွေ ၁၄ ဦးကို နေရာ အသီးသီးကဖမ်းခေါ်သွားတယ်။ သူတို့ကိုရှေ့ကသွားခိုင်းတယ်လို့ပြောကြတယ်။ ရွာနဲ့တစ်မိုင်ကျော် တောလမ်း အရောက် ညနေ ၄ နာရီလောက်မှာတိုက်ပွဲဖြစ်တယ်လို့သိရတယ်။ တိုက်ပွဲဖြစ်တော့ ဖမ်းခေါ်လာတဲ့သူတွေလဲ အသီးသီးထွက်ပြေးလာကြတယ်။ ဒဏ်ရာရရှိသူတစ်ဦးပါလာတယ်။ ဘယ်ဖက်ကပစ်လိုက်လဲ မသိဘူး၊ တိုက်ပွဲ ကြားမှာညှပ်သွားကြတာပေါ့။ ၁၄ ဦးမှာ ၂ ဦးပြန်မရောက်သေးဘူး” ဟု ၎င်းကရှင်းပြသည်။

တပ်မတော်စစ်ကြောင်းမှ ခေါ်ဆောင်သွားသည်ဆိုသည့် ပြင်ရှည်(မွတ်ဆလင်)ကျေးရွာမှ ရွာသား ၁၄ ဦးထဲတွင် အသက် ၁၅ နှစ်အောက်မှ အသက် ၆၀ ကျော်အတွင်း ရှိသူများပါဝင်ကြောင်း ကျေးရွာသားများထံမှ သိရသည်။

ယင်းအထဲမှ တိုက်ပွဲဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသွားသူမှာ အသက် ၃၀ နှစ်အရွယ် ကာလာဖူတီယာဆိုသူ ဖြစ်သည်။

၎င်းတွင် ရင်ဘတ်၊ ဝမ်းအောက်ဘက်နှင့် ဘယ်လက်မောင်းတို့၌ ကျည်ထိဒဏ်ရာများရရှိသွားခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးဖွေးယက်ကပြောသည်။

“ကျနော့်သားမှာ သေနတ်ကျည်ထိမှန်သွားတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်တာ ဘယ်ဖက်ကပစ်လို့ ထိမှန်သွားလဲ မသိဘူး။ ဒဏ်ရာပြင်းထန်လို့ ဘူးသီးတောင်ဆေးရုံကိုကားနဲယူလာတယ်။ အသက်ရှင်မယ်တောင်မထင် တော့ဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ကျေးရွာသား ၁၄ ဦးထဲမှ ယခုဒဏ်ရာရရှိသူတစ်ဦးအပါအဝင် ၁၂ ဦးမှာ ကျေးရွာသို့ ပြန်လည် ရောက်ရှိလာပြီဖြစ်သော်လည်း အန်နာတူလာ ၁၂ နှစ်နှင့် အဏဝါဟူဆောင် ၁၆ နှစ်တို့မှာ ပျောက်ဆုံးလျက် ရှိနေကြောင်း ကျေးရွာသားများက ပြောသည်။

ထွက်ပြေးလွတ်မြောက်လာသူများ၏ပြောကြားချက်အရ ပျောက်ဆုံးနေသူထဲမှတစ်ဦးမှာ ကျည်ထိမှန်ပြီး ကျန်ခဲ့သည်ကိုတွေ့ရှိခဲ့သည်ဟုဆိုသော်လည်း ကျေးရွာတာဝန်ရှိသူ ဦးဆော်လိမ်က ယင်းသို့သေဆုံးမှုရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း ပြောသည်။

ယင်းသို့ ပြင်ရှည်(မွတ်ဆလင်)ကျေးရွာမှ ရွာသားများကို တပ်မတော်စစ်ကြောင်းမှ ခေါ်ဆောင်သွားပြီးနောက် တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာသားများ၏ပြောကြားချက်နှင့်ပတ်သက်ပြီး တပ်မတော်၏ တုန့်ပြန်ချက်ကိုရရှိရန် ကြိုးစားနေဆဲဖြစ်သည်။

ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က “တိုက်ပွဲဖြစ်ပွားတာမှန်တယ်။ ဒဏ်ရာရရှိသူတစ်ဦး ဘူးသီးတောင်ဆေးရုံကိုယူလာတယ်လို့သိရတယ်။ ကျန်တာတွေကတော့ မသိရသေးဘူး။ ကျေးရွာ အုပ်ချုပ်ရေးမှူးဆီက ကြေးနန်းတက်လာပြီးမှသိရမယ်” ဟု ပြောသည်။

လက်ရှိတွင် ဆေးရုံသို့ရောက်ရှိနေသူ ကာလာဖူတီယာမှာ ဒဏ်ရာအခြေအနေစိုးရိမ်ရ၍ စစ်တွေဆေးရုံသို့ ယူဆောင်ရန် ဆရာဝန်မှညွှန်ကြားထားကြောင်း မိသားစုဝင်များထံမှသိရသည်။

ယခုရက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်းမှ ရသေ့တောင်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့၌လည်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိနေပြီး တပ်မတော်မှ လေကြောင်းပစ်ကူပေးမှုများ ရှိကြောင်းလည်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

နောက်ဆက်တွဲသတင်း -

ဗီဒီယိုများ