ဘူးသီးတောင်မြို့မှ ကိုဗစ်ပိုးတွေ့လူနာ ၄ ဦးတွင် ကျောင်းသူတစ်ဦးပါဝင်

စစ်တွေမြို့မှ ဘူးသီးတောင်မြို့နယ်သို့ ပြန်လာသူ ၃၇ ဦးကို စစ်ဆေးခဲ့ရာတွင် ၄ ဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မင်းသိန်းက ပြောသည်။

By ကျော်မျိုးအောင် 25 Aug 2020

ကျော်မျိုးအောင် | DMG
သြဂုတ် ၂၅ ၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ covid-19 ရောဂါပိုးရှိသူ ၄ ဦးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်လ ၂၄ ရက်နေ့ ည ၈ နာရီအချိန်တွင် ထုတ်ပြန်ထားသည်။

ယင်းပိုးတွေ့လူနာ ၄ ဦးတွင် စစ်တွေမြို့ရှိ ဘော်ဒါဆောင်တစ်ခုတွင် ပညာသင်ယူနေခဲ့သည့် အသက် ၁၅ နှစ် အရွယ် ကျောင်းသူတစ်ဦးပါဝင်ကြောင်း ဘူးသီးတောင်မြို့နယ် ကျန်းမာရေးဌာနမှ သိရသည်။

စစ်တွေမြို့မှ ဘူးသီးတောင်မြို့နယ်သို့ ပြန်လာသူ ၃၇ ဦးကို စစ်ဆေးခဲ့ရာတွင် ၄ ဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မင်းသိန်းက ပြောသည်။

“ကျောင်းသူတစ်ဦးပါနေတယ်။ သူမကိုသွားခေါ်တဲ့ အဖေမှာတော့ ပိုးမတွေ့ဘူး။ အခု သူမရဲ့မိသားစုဝင်တွေကို Facility Quarantine ထားရှိပြီး စစ်ဆေးသွားဖို့ လုပ်နေတယ်။ နောက် သူမနဲ့အတူ ကျောင်းတက်ရောက်ခဲ့တဲ့ စစ်တွေမြို့ဘော်ဒါဆောင်က ကျောင်းသူကျောင်သားတွေနဲ့ ဆရာဆရာမတွေကိုတော့ စစ်တွေကျန်းမာရေးကပဲ Facility Quarantine ထားပြီး စစ်ဆေးပါလိမ့်မယ်” ဟု ဒေါက်တာဇော်မင်းသိန်းက ပြောသည်။

ဘူးသီးတောင်မြို့မှ ကိုဗစ်ပိုးတွေ့လူနာ ၄ ဦးထဲတွင် အသက် ၁၅ နှစ်အရွယ် လူနာအမှတ် (၄၆၉) မှာ ကျောင်းသူဖြစ်ပြီး၊ အသက် ၇၅ နှစ်အရွယ် လူနာအမှတ် (၄၆၇) မှာ စစ်တွေမြို့တွင် ခွဲစိတ်ကုသမှုခံယူပြီး ပြန်လာသူဖြစ်သည်။ ထို့ပြင် အသက် ၁၆ နှစ်အရွယ် လူနာအမှတ် (၄၆၈) မှာ ဟိန္ဒူအမျိုးသမီးဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် လူနာ အမှတ် (၄၇၀) မှာ သံတွဲမြို့ကပြန်လာသည့် INGO ဝန်ထမ်း လူနာအမှတ် (၄၁၃) နှင့် လေယာဉ်အတူ စီးလာသူဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ကျန်းမာရေးဌာနမှ သိရသည်။

လက်ရှိမှာ အဆိုပါ ပိုးတွေ့လူနာများ၏ နေအိမ်များကို လော့ဒေါင်းချထားပြီး ၎င်းတိုနှင့် ဆက်စပ်ထိတွေခဲ့သူများကို Facility Quarantine ထားရှိကာ စစ်ဆေးသွားရန် လုပ်ဆောင်နေကြောင်းလည်း ဒေါက်တာဇော်မင်းသိန်း က ဆက်ပြောသည်။

ဘူးသီးတောင်မြို့၌ နှာခေါင်းစည်း (Mask) မတပ်ဘဲ အပြင်ထွက်သူများကို ဒဏ်ငွေတစ်သောင်းအထိ ဒဏ်ရိုက်အရေးယူသွားရန် အသိပေးကြော်ငြာထားပြီး သြဂုတ်လ ၂၅ ရက်နေ့မှစကာ အရေးယူမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေက ပြောသည်။

“ဒီနေ့ကစပြီး ကိုဗစ်-၁၉ ကော်မတီက စတင်ဖမ်းဆီးအရေးယူနေပြီ။ ဘယ်လောက်ဖမ်းထားလဲဆိုတာ ညနေ ၄ နာရီမှ အတည်ပြုနိုင်မယ်။ စစ်ဘေးရှောင်စခန်းတွေကိုတော့ Mask တွေ ဖြန့်ဝေပေးထားတယ်။ ကျန်မာရေးက ထုတ်ပြန်ချက်နဲ့အညီ နေထိုင်ကြဖို့ပြောထားတယ်” ဟု ၎င်းကဆိုသည်။

ဘူးသီးတောင်မြို့နယ်တွင် Covid-19 ပိုးတွေ့လူနာများ ရှိလာသော်လည်း အင်တာနက်လိုင်းအဆင်မပြေသဖြင့် သတင်းအချက်အလက်များရရှိရန် ခက်ခဲနေကြောင်း ဒေသခံများကပြောသည်။

ဘူးသီးတောင်မြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်းက အင်တာနက်ထားခြင်းခံရသည့် မြို့နယ်များကို အစိုးရက 2G အင်တာနက်သာ ပြန်ဖွင့်ပေးထားသဖြင့် ယင်းသို့ ကိုဗစ်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို ရရှိရန် ခက်ခဲနေကြခြင်းဖြစ်သည်ဟု ဆိုသည်။

ကိုဗစ်ပိုးတွေ့လူနာ ၃ ဦးအထိရှိနေသည့် မြောက်ဦးမြို့မှာတော့ အင်တာနက်လိုင်း အဆင်မပြေမှုကြောင့် ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုအခြေအနေ သတင်းအချက်အလက်သစ်များကို ဆိုင်းဘုတ်ထောင်ကာ အများပြည်သူသိရှိရန် ပြသထားရသည်။

ဆက်စပ်ဖတ်ရှုရန် :

ဗီဒီယိုများ