ဘူးသီးတောင်မြို့နယ်တွင် လက်နက်ကြီးကျပြီး ကျောင်းသူတစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာတွင် ယနေ့ညနေ ၅ နာရီခန့်က လက်နက်ကြီးကျရောက်ပြီး အသက် ၁၄ နှစ်အရွယ် ၈ တန်း ကျောင်းသူတစ်ဦး ကျည်စထိမှန်သွားခဲ့ကြောင်း သိရသည်။

By မင်းထွန်း 02 Oct 2019

မင်းထွန်း | DMG
အောက်တိုဘာ ၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာတွင် ယနေ့ညနေ ၅ နာရီခန့်က လက်နက်ကြီးကျရောက်ပြီး အသက် ၁၄ နှစ်အရွယ် ၈ တန်း ကျောင်းသူတစ်ဦး ကျည်စထိမှန်သွားခဲ့ကြောင်း သိရသည်။

ကျည်ထိမှန်သွားသူမှာ ဘူးသီးတောင်မြို့နယ် ကွမ်းတောင်ကျေးရွာမှ စေတီတောင်ကျေးရွာကို စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် ကျောင်းသူ မမြသဇင်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီးကျည်မှာ သူမနေထိုင်သော စစ်ဘေးရှောင်တဲအိမ်တွင် ကျရောက်ပေါက်ကွဲပြီး ကျည်စထိမှန်ခဲ့ခြင်းဖြစ်သည်။

“ ကွမ်းတောင်၊ နွားရုံတောင်ဘက်က လက်နက်ကြီးတစ်လုံး ပစ်တယ်။ အဲဒီအချိန်မှာ အဲဒီကလေးမတို့ဟာ စေတီတောင်ရွာ အရှေ့ဘက်က ကိုယ့်အိမ်နဲ့ ဆောက်လို့နေကြတာ။ အဲဒီအချိန်မှာ သူတို့နေတဲ့ နေရာမှာ ကျည်လာကျတာ” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

လက်ရှိမှာ ကျည်ထိမှန်ခဲ့သည့် ကျောင်းသူလေးမှာ စေတီတောင်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး မနက်ဖြန်တွင် စစ်တွေဆေးရုံသို့ ပို့ဆောင်ရန်စီစဉ်ထားကြောင်း သိရသည်။

“သူ့ဒဏ်ရာအခြေအနေက ဝမ်းဗိုက်မှာ လက်နှစ်ဆစ်လောက် ဒဏ်ရာတစ်ချက်ဝင်သွားတယ်။ ဆရာဝန်ကတော့ ဒီမှာ ခွဲစိတ်မယ့် ကိရိယာတွေကတော့ ခက်ခဲတယ်၊ တိုက်နယ်ဆေးရုံဖြစ်တော့။ စစ်တွေကို လွှတ်ထားတယ်၊ speed boad ကို အကူအညီ တောင်းထားတယ်။ အဲဒီဘုတ်က မနက်ဖြန်မှလာမယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

စေတီတောင်ကျေးရွာအနီးတဝိုက်တွင် ယနေ့ အောက်တိုဘာလ ၂ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသလို မည့်သည့်ဘက်မှ ပစ်ခတ်သည့် လက်နက်ဖြစ်သည်ကို လတ်တလောမှာ မသိရသေးကြောင်း ဒေသခံများကပြောသည်။

ဗီဒီယိုများ