ဘူးသီးတောင်မြို့ရှိ စစ်ရှောင်စခန်းတစ်ခုတွင် သောက်သုံးရေ လိုအပ်နေ

“နိုင်ငံတကာကြက်ခြေနီအဖွဲ့ကိုတော့ တင်ပြထားတယ်။ သူတို့မှာလည်း တူးတဲ့စက်တွေ မရှိလို့ပြောတယ်။ အခုက စစ်ရှောင်တွေ တစ်ဖြည်းဖြည်းများလာတယ်။ သောက်ရေတွင်း တစ်တွင်းနဲ့ သုံးရေတွင်း တစ်တွင်းသာရှိတယ်။ ရေတွင်းတွေကလည်း နက်တယ်။ ရေအထွက်လည်း နည်းတယ်။ ဒါကြောင့် ဒုက္ခရောက်နေကြတယ်”

20 Oct 2019

ချလူးအောင်|DMG

အောက်တိုဘာ ၂၀၊ ဘူးသီးတောင်

ဘူးသီးတောင်မြို့၊ လမ်းမဘုန်းတော်ကြီး စစ်ရှောင်စခန်းတွင် သောက်သုံးရေလိုအပ်နေကြောင်း သိရသည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းမှာ ရေရှားသည့်နေရာတစ်ခုဖြစ်ပြီး စစ်ဘေးရှောင်များ သောက်သုံးရေ ရရှိနိုင်ရေးအတွက် ရေတွင်းသို့မဟုတ် အဝီစိတွင်းများ တူးဖေါ်ပေးရန် လိုအပ်ခြင်းဖြစ်သည်။

“နိုင်ငံတကာကြက်ခြေနီအဖွဲ့ကိုတော့ တင်ပြထားတယ်။ သူတို့မှာလည်း တူးတဲ့စက်တွေ မရှိလို့ပြောတယ်။ အခုက စစ်ရှောင်တွေ တစ်ဖြည်းဖြည်းများလာတယ်။ သောက်ရေတွင်း တစ်တွင်းနဲ့ သုံးရေတွင်း တစ်တွင်းသာရှိတယ်။ ရေတွင်းတွေကလည်း နက်တယ်။ ရေအထွက်လည်း နည်းတယ်။ ဒါကြောင့် ဒုက္ခရောက်နေကြတယ်” ဟု လမ်းမကျောင်းတိုက်ဆရာတော် ဦးတေဇောဘာသက မိန့်သည်။

အဆိုပါ စစ်ရှောင်စခန်းတွင် ဘူးသီးတောင်မြို့နယ်အတွင်းမှ စိုင်းတင်ဈေးရွာ၊ ပြင်ချောင်း၊ မြိုမချောင်း၊ အလယ်ချောင်း၊ သရက်ပြင်၊ ကြာညိုပြင်၊ ကျောက်ရံ၊ ဥယျာဉ်သာ၊သျှစ်သျှားတောင်၊ စံဂိုးတောင်၊ နွားရုံတောင်၊ စပါးထား၊ စည်တောင်၊ ကံပြင် စသည့်ကျေးရွာများမှအပြင် ရသေ့တောင်မြို့နယ် ဆင်ခုန်တိုင်မှ စစ်ဘေးရှောင်များပါ ခိုလှုံနေကြခြင်းဖြစ်သည်။

“မှန်တယ်။ ဘူးသီးတောင်မြို့ပေါ်ရပ်ကွက် ၇ ခုမှာ ဒီရပ်ကွက် ၂ က ရေအရှားဆုံးရပ်ကွက်ဖြစ်တယ်။ စစ်ဘေးရှောင်တွေ မရှိခင်ကလည်း ဒီရပ်ကွက် လမ်းမကျောင်းက သောက်သုံးရေကန်အတွက် ၂၀၁၉/၂၀၂၀ ဘဏ္ဍာနှစ်မှာ သိန်း ၅၀ လျာထားချက်ရှိတယ်။ ရေတွင်းအဟောင်းကို ပြုပြင်မွန်းမံတိုးချဲ့မယ်။ မဟုတ်ရင် ရေကန်အသစ် တူးဖေါ်ဖို့ရှိတယ်”ဟု ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောသည်။

လမ်းမဘုန်းတော်ကြီးကျောင်း စစ်ရှောင်စခန်းတွင် စစ်ဘေးရှောင် အိမ်ထောင်စု ၁၈၆ စု လူဦးရေ ၈၂၆ ဦးခန့် ရှိကြောင်းလည်း သိရသည်။

ဗီဒီယိုများ