ဘူးသီးတောင်မြို့နယ်တွင် ကျောင်းဆရာနောက်တစ်ဦး အစစ်ဆေးခံနေရ

“တပ်က ဗိုလ်မှူးတစ်ဦး ဖုန်းဆက်လာပါတယ်။ ဆရာမတို့ကျောင်းက ဆရာတစ်ဦးကို မသင်္ကာလို့ ထိန်းသိမ်းစစ်ဆေးနေတယ်လို့ပြောတယ်။ ဘာအတွက်ထိန်းသိမ်းတာလဲဆိုတော့ မသင်္ကာလို့စစ်ဆေးစရာရှိလို့ပဲ ပြောတယ်” ဟု ဆရာမဒေါ်လင်းစန္ဒာအေးက ပြောသည်။

09 Aug 2019

ချလူးအောင် | DMG
သြဂုတ် ၉ ၊ မောင်တော

ဘူးသီးတောင်မြို့နယ် ကျောက်ရံကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြကျောင်းဆရာတစ်ဦးအား သြဂုတ်လ ၉ ရက်နေ့တွင် တပ်မတော်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူလတန်းပြကျောင်းဆရာ ဦးနိုင်အောင်ထွန်း ၂၉ နှစ်အား မသင်္ကာ၍ ထိန်းသိမ်းစစ်ဆေးနေကြောင်းကို တပ်မတော်မှ ဖုန်းဖြင့်ဆက်သွယ်အသိပေးလာကြောင်း ကျောက်ရံမူ(လွန်)ကျောင်းအုပ်ဆရာမ ဒေါ်လင်စန္ဒာအေးက ဆိုသည်။

“တပ်က ဗိုလ်မှူးတစ်ဦး ဖုန်းဆက်လာပါတယ်။ ဆရာမတို့ကျောင်းက ဆရာတစ်ဦးကို မသင်္ကာလို့ ထိန်းသိမ်းစစ်ဆေးနေတယ်လို့ပြောတယ်။ ဘာအတွက်ထိန်းသိမ်းတာလဲဆိုတော့ မသင်္ကာလို့စစ်ဆေးစရာရှိလို့ပဲ ပြောတယ်” ဟု ဆရာမဒေါ်လင်းစန္ဒာအေးက ပြောသည်။

ကျောက်ရံမူ(လွန်)ကျောင်းတွင် ကျောက်ရံကျေးရွာနှင့် ထိပ်တူးပေါက်ကျေးရွာမှ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေသည့် ကျောင်းဖြစ်ပြီး အဆိုပါကျောင်းတွင် စစ်ဘေးရှောင်ကျောင်းသားများလည်း ပညာသင်ကြားလျက်ရှိနေသည်။

ယခုကဲ့သို့ မူလတန်းပြကျောင်းဆရာတစ်ဦး စစ်ဆေးခံနေရမှုအား မြို့နယ်ပညာရေးမှူးရုံးသို့ တရားဝင် အကြောင်းကြားလာခြင်းမရှိသေးကြောင်း ဘူးသီးတောင်မြို့နယ်ပညာရေးမှူး ဦးသန်းဖေက ဆိုသည်။

“ပညာရေးမှူးရုံးကို တရားဝင်အကြောင်းကြားလာတာတော့ မရှိသေးပါဘူး။ ဖမ်းဆီးတဲ့သတင်းကတော့ ကြားပါတယ်။ ပြင်ချောင်းကျေးရွာက ဆရာတစ်ဦးကို ဖမ်းတုန်းကလည်း တရားစွဲတင်ဖို့ပြင်ဆင်မှပဲ အကြောင်းကြားလာတယ်” ဟု ဦးသန်းဖေက ပြောသည်။

ထိုသို့ ပညာရေးဝန်ထမ်းများအား တပ်မတော်မှမသင်္ကာ၍ ဖမ်းဆီးစစ်ဆေးနေမှုများအပေါ် ပညာရေးအသိုင်းအဝိုင်းမှ စိုးရိမ်မှုများရှိနေကြသည်။

ဘူးသီးတောင်မြို့နယ် ပြင်ချောင်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြ ကျောင်းဆရာ နေဇော်လင်း အသက် ၂၇ နှစ်အားလည်း တပ်မတော်က မသင်္ကာ၍ဖမ်းဆီးစစ်ဆေးခဲ့ပြီး လက်ရှိတွင် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(ခ)တို့ဖြင့် အမှုဖွင့်လှစ်ထားသည်။

ကျောင်းဆရာနေဇော်လင်းအား သြဂုတ်လ ၅ ရက်နေ့တွင် တပ်မတော်ကမသင်္ကာ၍ စစ်ဆေးခဲ့ရာတွင် ၎င်း၏ လက်ကိုင်ဖုန်းအတွင်းရှိ Messenger မှ တပ်မတော်စစ်ကြောင်းများ၏ လှုပ်ရှားသွားလာမှုများအား AA တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ဆက်သွယ်ပေးပို့ထားသည့် စာများတွေ့ရှိခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ