ဘူးသီးတောင်တွင် ဒေသခံတစ်ဦး မိုင်းနင်းမိ

ဘူးသီးတောင်မြို့နယ်၊ တမန်းသားကျေးမှ ယောကျ်ားငါးဦးနှင့် မိန်းမတစ်ဦးတို့သည် ဘူးသီးတောင်မြို့မှ ဈေးဝယ်ပြီး တမန်းသားကျေးရွာကို အပြန် တောင်ကျော်လမ်းတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။

By ချလူးအောင် 25 Dec 2019

(ဓာတ်ပုံ - ဘူးသီးတောင်ပရဟိတလူမှုကူညီရေးအသင်း)

ချလူးအောင် | DMG
ဒီဇင်ဘာ ၂၅ ၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တမန်းသားကျေးရွာက ဒေသခံတစ်ဦး ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက မိုင်းထိမှန်ပြီး ဆေးကုသမှုခံယူနေရသည်ဟု မိသားစုထံမှ သိရသည်။

တမန်းသားကျေးမှ ယောကျ်ားငါးဦးနှင့် မိန်းမတစ်ဦးတို့သည် ဘူးသီးတောင်မြို့မှ ဈေးဝယ်ပြီး တမန်းသားကျေးရွာကို အပြန် တောင်ကျော်လမ်းတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။

မိုင်းနင်းမိခြင်းကြောင့် ဦးမောင်လ (၄၀) နှစ်၏ ခြေထောက်၊ ဦးခေါင်းနှင့် ပါးစပ်တို့တွင် မိုင်းစထိမှန်သွားခဲ့ပြီး လက်ရှိမှာ ဘူးသီးတောင်မြို့နယ် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ဆွေမျိုးတော်စပ်သူ ကိုထွန်းအောင်ကျော်က ပြောသည်။

“ကျနော်တို့က ဘူးသီးတောင်က ဈေးလာဝယ်ကြပြီး ခမီးချောင်းကျေးရွာမှာ မနေ့ကညအိပ်တယ်။ ဒီနေ့မနက် ၁၀ နာရီမှာ တမန်းသားကိုအပြန် တောင်ကျော်လမ်းမှာ မိုင်းနင်းမိတာပါ။ ကျနော့်ယောက်ဖမှာ ခြေထောက် ၂ ချောင်းမီးလောင်ပြီး ပါးစပ်နဲ့ ခေါင်းမှာ အနည်းငယ်စီထိမှန်သွားတယ်” ဟု ၎င်းကဆိုသည်။

တပ်မတော်နှင့် က္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားရာနယ်မြေများတွင် ဒေသခံများ မကြာခဏ မိုင်းနင်းမိပြီး သေဆုံး၊ ဒဏ်ရာရရှိမှုများရှိနေသည်။

ရခိုင်ပြည်နယ်အတွင်းတွင် မိုင်းထိမှန်မှု၊ လက်နက်ကြီးကျည်ထိမှန်မှု၊ ပစ်ခတ်ခံရမှုတွေကြောင့် အရပ်သား ၁၀၀ ခန့် သေဆုံးပြီး ဒဏ်ရာရရှိသူ ၃၀၀ ခန့်အထိရှိကြောင်း အရပ်ဖက်အဖွဲ့အစည်းများ၏စာရင်းအရ သိရသည်။

ဗီဒီယိုများ