AA ဖမ်းထားသည့် ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်းကို လွှတ်ပေးရန် တောင်းဆို

NLD ဘက်က ပြန်လွှတ်ပေးရန် တောင်းဆိုသော်လည်း ရက္ခိုင့်တပ်တော်(AA)ဘက်က ပြန်လွှတ်ပေးမည့် အစီအစဉ်မရှိသေးပေ။ ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်အနေဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော်လည်း ကျူးလွန်သူများကို ထောက်ခံပွဲပြုလုပ်ရန် စီစဉ်သောကြောင့် ဖမ်းဆီးခြင်းဟု AA ပြန်ကြားရေးတာဝန်ခံက ပြောသည်။

By ကျော်သူဋ္ဌေး 16 Dec 2019

ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဦးရဲသိန်း (ခ) ဘူနောင်

NLD ဘက်က ပြန်လွှတ်ပေးရန် တောင်းဆိုသော်လည်း ရက္ခိုင့်တပ်တော်(AA)ဘက်က ပြန်လွှတ်ပေးမည့် အစီအစဉ်မရှိသေးပေ။

ကျော်သူဌေး | DMG
ဒီဇင်ဘာ ၁၆၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဦးရဲသိန်းကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း NLD ရခိုင်ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့က ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်လိုက်သည်။

မွတ်ဆလင်များကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခြင်းစသည့် စွပ်စွဲချက်များဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် တရားစွဲဆိုထားမှုကို ရင်ဆိုင်ဖြေရှင်းနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲပြုလုပ်ရန်အတွက် နယ်သို့ဆင်း၍ ပါတီအဖွဲ့ဝင်များကို စည်းရုံးရေးဆင်းစဉ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“ပါတီလုပ်တယ်ဆိုတာက ပါတီနိုင်ငံရေးကို ယုံကြည်ပြီးတော့ လုပ်ကြတာပဲ။ အဲတော့ အခုလုပ်တဲ့အလုပ်က ပါတီအလုပ်ပဲဖြစ်တယ်။ ဒါကြောင့် ပြန်လည်လွတ်မြောက်ပေးစေချင်တဲ့ စိတ်ရှိတယ်ပေါ့ဗျာ။ ဒါကြောင့် ပြန်လွတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု NLD ရခိုင်ပြည်နယ် ဒုတိယဥက္ကဋ္ဌ ဦးစိုးလေးက DMG ကိုပြောသည်။

ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်အနေဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော်လည်း ကျူးလွန်သူများကို ထောက်ခံပွဲပြုလုပ်ရန် စီစဉ်သောကြောင့် ဖမ်းဆီးခြင်းဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

 “ ကျနော်တို့ ရခိုင်သားတွေ နေ့စဉ်နဲ့အမျှ ဗမာစစ်တပ်ဆီမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခံနေရတယ်။ ဗမာစစ်တပ်က ရခိုင်ပြည်သူတွေကို နေ့စဉ်နဲ့အမျှ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို ဦးရဲသိန်းတို့က ထောက်ခံနေတယ်။ ထေက်ခံပွဲလုပ်ဖို့အတွက် နေပြီးတော့ လုပ်တဲ့ဟာတွေကို ရခိုင်တွေအနေနဲ့ လက်ခံနိုင်စရာ အကြောင်းမရှိ။ အဲဒါကြောင့် သူ့ကို ကျနော်တို့ လုံခြုံရေးအရ လိုအပ်လို့ ထိန်းသိမ်းထားတာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အလားတူ NLD ပါတီဝင် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာလ (၃) ရက်နေ့ က တပ်မတော်သတင်းပေးသူဟုဆိုကာ ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားသည်။

Related Posts :

ICJ တွင်အမှုရင်ဆိုင်မည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ ဘူးသီးတောင်တွင်ပြုလုပ်မည်

ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲစီစဉ်သူ ဘူးသီးတောင် NLD ဥက္ကဋ္ဌ ပျောက်ဆုံး၊ ထောက်ခံပွဲပျက်သွား

NLD လွှတ်တော်အမတ်အား ပြန်လွှတ်ပေးရန် ဖမ်းဆီးထိန်းသိမ်းထားသူများကို ပါတီဗဟို တိုက်တွန်း

ဗီဒီယိုများ