လဝကဝန်ထမ်းသုံးဦးကို စစ်ဆေးစရာရှိသဖြင့် ထိန်းသိမ်းထားကြောင်း AA ပြော

“လဝကသုံးယောက်ကို စစ်ဆေးစရာတွေရှိတဲ့အတွက် ထိန်းသိမ်းထားတာရှိတယ်။ လဝက ဆိုပေမယ့်လို့ နောက်ဆုံးသိရသလောက် တစ်ယောက်က ရဲဌာနကပြောင်းလာတဲ့ ရဲမှူးလို့သိရတယ်” ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

By ဘုန်းဝေယံဟိန်း 26 Dec 2019

ဘုန်းဝေယံဟိန်း | DMG
ဒီဇင်ဘာ ၂၆၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ဘဇာနယ်မြေရုံးတွင် တာဝန်ကျနေသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လက်ထောက်ညွှန်မှူးအပါအဝင် ဝန်ထမ်းသုံးဦးကို AA က ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်ထဲရေးက သတင်းထုတ်ပြန်ထားသည်။

လဝကဌာနမှ လက်ထောက်ညွှန်မှူး ဦးတင်မျိုးအောင် ခွင့်ဖြင့်ပြန်လာသောကြောင့် ဦးအောင်ကျော်ဖြိုးနှင့် ဦးမျိုးဆွေဦး တို့က ဘူးသီးတောင်မြို့မှ သွားရောက်ကြိုဆိုခဲ့ကြောင်း၊ အခြားခရီးသည် ၁၅ ဦးနှင့်အတူ ဘူးသီးတောင်မြို့မှ တောင်ဘဇာကျေးရွာသို့သွားရာတွင် ကျောက်ရစ်ကျေးရွာသစ်အနီး၌ ကမ်းပေါ်ကလူတစ်ဦးက စက်လှေကို ခေါ်သည့်အတွက် ကမ်းကပ်ပေးခဲ့ရာမှ လဝကဝန်ထမ်းသုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စက်လှေကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ပြည်ထဲရေး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းတို့သုံးဦးကို စစ်ဆေးစရာရှိသဖြင့် ထိန်းသိမ်းထားကြောင်း ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“လဝကသုံးယောက်ကို စစ်ဆေးစရာတွေရှိတဲ့အတွက် ထိန်းသိမ်းထားတာရှိတယ်။ လဝက ဆိုပေမယ့်လို့ နောက်ဆုံးသိရသလောက် တစ်ယောက်က ရဲဌာနကပြောင်းလာတဲ့ ရဲမှူးလို့သိရတယ်” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူသုံးဦးမှာ လဝကဌာနက လက်ထောက်ညွှန်မှူး ဦးတင်မျိုးအောင် (၄၉)နှစ်၊ လက်ထောက်လဝကမှူး ဦးအောင်ကျော်ဖြိုး (၂၅)နှစ်နှင့် လက်ထောက်လဝကမှူး ဦးမျိုးဆွေဦး (၂၈)နှစ်တို့ ဖြစ်သည်။

၎င်းတို့သုံးဦးနှင့်ပတ်သက်ပြီး အပြစ်မရှိပါက မစိုးရိမ်ရန် ခိုင်သုခက ပြောသည်။

“ဗမာစစ်တပ်ကနေပြီးတော့ ရခိုင်ပြည်ထဲမှာ တစ်ခါတစ်လေကျလို့ရှိရင် ရဲယူနီဖောင်းဝတ်လိုက်၊ တစ်ခါတစ်လေမှာ လဝကဖြစ်လိုက်၊ တစ်ခါတစ်လေမှာ မီးသတ်ယူနီဖောင်းဝတ်လိုက်၊ အဲ့လိုမျိုးသွားလာနေတာတွေ အများကြီးရှိတယ်။ ဒီလူတွေဟာ တကယ်ပဲ လဝက ဟုတ်၊ မဟုတ်ဆိုတာကို ဆက်လက်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာရှိတယ်။ သူတို့မှာ ဘာမှအပြစ်မရှိရင်တော့ ဘာမှစိုးရိမ်စရာမရှိပါဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

Related Post : ဘူးသီးတောင်တွင် လဝကအရာရှိ ၃ ဦးပျောက်ဆုံးနေမှု မြို့နယ်အုပ်ချုပ်ရေးမှူး အတည်ပြု

ဗီဒီယိုများ