စစ်ဘေးရှောင်ကျောင်းသားများ ပညာသင်ကြားခွင့်ရရှိရေး အမျိုးသားလွတ်တော်၌တင်ပြ

“ဒီလိုအကျပ်အတည်းအောက်မှာ မူလတန်းကနေ အ.ထ.က အထိကျောင်းပေါင်း(၅၀) ကျော်ဟာ ပါဝင်နေပါတတယ်။ ကျောင်း (၂၀) ဟာဆိုရင် ပြန်လည်ဖွင့်လှစ်မည့် အလားအလာမရှိတော့ပါဘူး။ ဒီကျောင်းကကျောင်းသားတွေဟာ ဗုံးသံသေနတ်သံကြားမှာ ထွက်ပြေးလားတဲ့အတွက် အိမ်ထောင်စုစာရင်းမရှိ၊ ကျောင်းထွက်လက်မှတ်မရှိ ၊ ကျောင်းဝတ်စုံနှင့်စာရေးကိရိယာလည်းမရှိ ၊ ကျောင်းဝတ်စုံမရှိဖြစ်နေပါတယ်။ အဓိကလိုအပ်တာက ကျောင်းတွေဖွင့်လှစ်ပြီး ဒီတစ်နှစ်တာပညာ သင်ကြားခွင့်ရစေချင်ပါတယ်”

By နေရောင်မင်း 07 Aug 2019

 

ကျောင်းဖွင်ချိန် တစ်လကျော်ကြာသည့်တိုင် ကျောင်းမနေရသေးသည့် စင်းဘောကိုင်း စစ်ရှောင်စခန်းက ကလေးငယ်များအား ဇူလိုင်လလယ်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - သျှင်ထွီး

နေရောင်မင်း | DMG

သြဂုတ် ၆၊ လွှတ်တော်

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများဖြစ်ပွားနေသဖြင့် ရခိုင်မြောက်ပိုင်း မြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ကျောင်းသား ကျောင်းသူများ ပညာသင်ကြားခွင့်ရရှိရေး အတွက် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က သြဂုတ်လ ၆ ရက်နေ့တွင် အမျိုးသားလွှတ်တော်၌ မေးမြန်းခဲ့သည်။

တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၅၀၀၀၀ ကျော်အထိရှိနေပြီး ယင်းအထဲမှာ ကျောင်းသားကျောင်းသူ ၅၀၀၀ ကျော် ပါဝင်လျက်ရှိကာ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသော အရေးပေါ်စခန်းများတွင် နေထိုင်လျက်ရှိကြသည်။

“ဒီလိုအကျပ်အတည်းအောက်မှာ မူလတန်းကနေ အ.ထ.က အထိကျောင်းပေါင်း(၅၀) ကျော်ဟာ ပါဝင်နေပါတယ်။ ကျောင်း (၂၀) ဟာဆိုရင် ပြန်လည်ဖွင့်လှစ်မည့် အလားအလာမရှိတော့ပါဘူး။ ဒီကျောင်းကကျောင်းသားတွေဟာ ဗုံးသံသေနတ်သံကြားမှာ ထွက်ပြေးလားတဲ့အတွက် အိမ်ထောင်စုစာရင်းမရှိ၊ ကျောင်းထွက်လက်မှတ်မရှိ ၊ ကျောင်းဝတ်စုံနှင့်စာရေးကိရိယာလည်းမရှိ ၊ ကျောင်းဝတ်စုံမရှိဖြစ်နေပါတယ်။ အဓိကလိုအပ်တာက ကျောင်းတွေဖွင့်လှစ်ပြီး ဒီတစ်နှစ်တာ ပညာသင်ကြားခွင့်ရစေချင်ပါတယ်” ဟု ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

စစ်ရှောင်စခန်းမှ ကျောင်းသားကျောင်းသူများမှာ တိုက်ပွဲကြားမှ ထွက်ပြေးလာရသည့်အတွက် မိဘဆွေမျိုးများနှင့်လည်း ခွဲခွာပြီးလာရသည့်အတွက် စိတ်ဓာတ်ကြံ့ခိုင်ရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး အပိုင်းကိုလည်း ပြုလုပ်ပေးရန် လိုအပ်နေသည်ဟု ဦးခင်မောင်လတ်က ပြောဆိုသည်။

စစ်ဘေးရှောင် ကျောင်းသား၊ကျောင်းသူများအတွက် ပညာရေးရန်ပုံငွေမှဖြစ်စေ၊ အထူးအရေးပေါ်ရန်ပုံငွေမှ ဖြစ်စေ ထုတ်နှုတ်သုံးစွဲပေးရန် လိုအပ်ကြောင်းလည်း တိုက်တွန်းခဲ့သည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်စခန်း ၅၃ ခုရှိပြီး ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၂၀၀၀ ကျော်ရှိကာ စစ်ရှောင်စခန်းနှင့် နီးစပ်သည့် ကျောင်းများာ၌ ပညာသင်ကြားခွင့်ရရှိအောင် ဆောင်ရွက်ထားရှိသည်ဟု ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။

“ဒါ့အပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့အစီစဉ်အရ အခိုင်အမာစခန်းများ ဆောက်လုပ်တဲ့ နေရာများရှိခဲ့ရင် စခန်းနှင့်အနီးဆုံးကျောင်းတွင် ဝန်ဆောင်မှုရှိသလောက် လက်ခံသင်ကြားပေးမှာဖြစ်ပြီး ဝင်ဆန့် မှုမရှိရင်လည်း ယာယီကျောင်းဆောင်များ ဆောက်လုပ်ပေးပြီး သင်ကြားပေးဖို့ စီစဉ်ဆောင်ရွက် ပေးပြီးဖြစ်ပါတယ်။ ဒီကျောင်းသူ ၊ကျောင်းသားများ အားလုံးကို ပညာရေးဝန်ကြီးဌာန  ၊ အခြေခံပညာဦးစီးဌာနမှ ကျောင်းသား ၊ ကျောင်းသူများ သင်ကြားရေး အဆင်ပြေစေရန်အတွက် ကျောင်းသုံးပုံနှိပ်စားအုပ်များ ၊ဗလာစာအုပ်များ ကျောပိုအိပ် များကိုလည်း ထောက်ပံဆောင်ရွက်ပြီးဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်”ဟု ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိအချိန်ထိ တိုက်ပွဲများဖြစ်ပွားနေသဖြင့် တစ်ချို့ကျေးရွာများမှာ စာသင်ကျောင်း များကို ယာယီပိတ်ထားရပြီး ကျောင်းသား၊ကျောင်းသူများမှာလည်း စာမသင်ကြားနိုင်မှုများရှိနေသည်။

 

ဗီဒီယိုများ