တရားရုံးက ကြားနာစစ်ဆေးဆဲ ပြစ်မှုများထဲမှ ခိုးမှုအပါအဝင် ၁၁ မှုအား အမှုပိတ်သိမ်းကြောင်း စစ်ကောင်စီကြေညာ

လက်ရှိတွင် ကြားနာစစ်ဆေးဆဲ ပြစ်မှုများထဲမှ ခိုးမှုအပါအဝင် ၁၁ မှုအား အမှုပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးလက်မှတ်ဖြင့် ဇူလိုင်လ ၂၀ ရက်နေ့ ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

20 Jul 2021

DMG | ဇူလိုင် ၂၀

လက်ရှိတွင် ကြားနာစစ်ဆေးဆဲ ပြစ်မှုများထဲမှ ခိုးမှုအပါအဝင် ၁၁ မှုအား အမှုပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးလက်မှတ်ဖြင့် ဇူလိုင်လ ၂၀ ရက်နေ့ ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီအနေဖြင့် လက်တလောဖြစ်ပွားနေသော ဖြစ်ပွားနေသော ကိုဗစ်ကူးစက်မှုကို ထိရောက်စွာ ကာကွယ်ကုသနိုင်ရေးအတွက်လည်းကောင်း၊ သက်ဆိုင်ရာ တရားရုံးများတွင် စွဲဆိုခံထားသည့် ပြစ်မှုများအတွက် တရားခံများကို ကိုဗစ်စည်းမျဉ်းများကြောင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိသဖြင့် ချုပ်ရက်များ ရှည်ကြာနေသဖြင့် လည်းကောင်း၊ အချို့သော ပြစ်မှုဖြင့် စွဲဆိုခံရသည့် နိုင်ငံသားများအတွက် သက်ညှာစွာ စဉ်းစားသောအားဖြင့် ပုဒ်မ ၄၁၉ အရ အမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တွင်ပါရှိသည်။

အဆိုပါ စစ်ဆေးနေဆဲ ပိတ်သိမ်းကြောင်း ကြေညာသော အမှုများတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၉၊ ၃၈၀နှင့် ၃၇၉ ၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၊ ၃၈၀၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၊ သစ်တောဥပဒေပါပုဒ်မ ၄၂ နှင့် ၄၃ တို့မှ အပ ကျန်ပြစ်မှုတစ်ခုခု၊ ယစ်မျိုးအက်ဥပဒေပါ ပြစ်မှုတစ်ခုခု၊ လောင်းကစား ဥပဒေပါ ပြစ်မှုတစ်ခုခု၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေခြုပ်နှင့်ခံဝန်အက်ဥပဒေပါပြစ်မှုတစ်ခုခု၊ မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၆နှင့် အားပေးကူညီမှုများ၊ မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၉(က)နှင့် အားပေးကူညီမှုများ( မူးယစ်ဆေးဝါး (သို့) စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့်စပ်လျဉ်း၍ ယင်းဥပဒေပုဒ်မ ၂၆ အရ အလေးချိန်သတ်မှတ်ချက် ၃ ဂရမ်ဖြစ်ပါက ၁၀ ဂရမ်နှင့်အောက်သော်လည်းကောင်း၊ ၁၀၀ ဂရမ်နှင့်အထက်ဖြစ်ပါက ၂၀၀ ဂရမ်နှင့် အောက်သော်လည်းကောင်း၊ ဘိန်းစာရွက်အစိုဖြစ်ပါက ၁၀ ကီလိုဂရမ်နှင့်အောက်သော်လည်းကောင်း၊ ဘိန်းစာရွက်အခြောက် (သို့) ဘိန်းစာမှုန့်ဖြစ်ပါက ၅ကီလိုဂရမ်နှင့် အောက်သော်လည်းကောင်း သိမ်းဆည်းရမိမှုများအတွက်သာ) ၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)၊ ပြည်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပါ ပြစ်မှုတစ်ခုခု၊ ရဲအက်ဥပဒေပါပြစ်မှုတစ်ခုခု၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပါပြစ်မှုတစ်ခုခု စသည့်အမှုများပါဝင်ပြီး ယင်းအမှုများကို ကျူးလွန်၍ အမှုရင်ဆိုင်နေရသူများကို အမှုပိတ်သိမ်း၍ တရားခံများအား အမှုမှ ချက်ချင်းလွှတ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ယခုကဲ့သို့ ပြည်သူအချို့ကို လွှတ်ပေးခြင်းအပေါ်ဝမ်းသာမိသော်လည်း ယခုလွှတ်ပေးသည့်အထဲတွင် ၃၇၉၊၃၈၀ ကဲ့သို့သော အမှုများနှင့် ပတ်သက်သူများပါဝင်နေသည့်အပေါ် သတိထားရန်လိုအပ်ကြောင်းကိုလည်း ဝံလက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံကဆိုသည်။

“ပုဒ်မ ၃၇၉၊ ၃၈၀ဆိုတာ အတွင်းအပြင်ခိုးမှုတွေကိုဆိုတာဖြစ်တယ်။ အရင်အစိုးရတွေလက်ထက်တုန်းကလည်း ခိုးမှုတွေ ဒုစရိုက်မှုတွေကို လွှတ်ပေးတဲ့အတွက် ဒုစရိုက်မှုတွေ ပိုများလာခဲ့တာတွေရှိခဲ့ဖူးတယ်။ ဒါကိုလည်းသတိပြုသင့်တယ်။ နောက်ပြီးလွတ်လာတဲ့သူတွေကိုလည်း ကိုဗစ်ပိုးစစ်တာတွေလုပ်ပြီးမှ လွှတ်ပေးသင့်တယ်။ မဟုတ်ရင် ပိုးတွေကို ဖြန့်သလိုဖြစ်သွားနိုင်ပါတယ်”ဟု ၎င်း၏အမြင်ကို ပြောဆိုသည်။

ထို့အပြင် လက်ရှိလွှတ်ပေးသူများထဲတွင် နိုင်ငံရေးကြောင့်အကျဉ်းချခံနေရသူများ ပါဝင်ခြင်းမရှိသေးသည့် အတွက်လည်း နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းကျခံနေရသူများကိုပါ လွှတ်ပေးရန် လိုအပ်ကြောင်း သူက ထောက်ပြပြောဆိုခဲ့သည်။

ဗီဒီယိုများ