AA ကို အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ပေးရန် အစိုးရကို ရခိုင်လွှတ်တော်မှတဆင့် တိုက်တွန်း

ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ သတ်မှတ်ကြေငြာထားသော ULA / AA အား ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက် အကြမ်းဖက်အဖွဲ့အစည်းမှ ပယ်ဖျက်ပေးရန် ရခိုင်ပြည်နယ်အစိုးမှတဆင့် ပြည်ထောင်စုအစိုးအား တိုက်တွန်းသည့်အဆိုကို ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပြည်နယ်လွှတ်တော်တွင် တိုက်တွန်းလိုက်သည်။

By မင်းထွန်း 11 Jan 2021

မင်းထွန်း | DMG
ဇန်နဝါရီ ၁၁ ၊ စစ်တွေ

ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ သတ်မှတ်ကြေငြာထားသော ULA / AA အား ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက် အကြမ်းဖက်အဖွဲ့အစည်းမှ ပယ်ဖျက်ပေးရန် ရခိုင်ပြည်နယ်အစိုးမှတဆင့် ပြည်ထောင်စုအစိုးအား တိုက်တွန်းသည့်အဆိုကို ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပြည်နယ်လွှတ်တော်တွင် တိုက်တွန်းလိုက်သည်။

ယင်း အဆိုကို မြောက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ထာဝရငြိမ်းချမ်းရေး စားပွဲဝိုင်တွင် တန်းတူရည်တူ ပါဝင်ဆွေးနွေးရန်နှင့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ရန်အတွက် အဟန့်အတားဖြစ်နေသည့် အကြမ်းဖက်ပုဒ်မ၊ အကြမ်းဖက်အဖွဲ့အစည်းဟူသည့် အမည်နာမကို ပယ်ဖျက်ရန်လိုအပ်ကြောင်း အဆိုရှင်က ပြောသည်။

“နှစ်ဖက်အဖွဲ့အစည်းကြား အပစ်အခတ်ရပ်စဲရေး အပစ်အခတ်ရပ်စဲထားနိုင်မှုကို အစိုးရအနေနဲ့ အသိမှတ်ပြု ကြိုဆိုသင့်တယ်။ ထာဝရငြိမ်းချမ်းရေးနဲ့ ထာဝစဉ်အပစ်ခတ်ရပ်စဲရေး နှစ်ဖက်အဖွဲ့အစည်းကြား ယုံကြည်မှု ခိုင်မြဲလာစေရန် အစိုးအနေနဲ့ ပိုမိုတွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်းအဖြစ် သတ်မှတ်ထားတာကို ပြန်လည်ရုပ်သိမ်းဖို့ လိုအပ်နေပါတယ်” ဟု ဦးထွန်းသာစိန်က ဆိုသည်။

ယင်းအဆိုကို ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းမှ ထောက်ခံဆွေးနွေးခဲ့ပြီး အဆိုကို ကန့်ကွက်မည့်သူ မရှိသည့်အတွက် ဆက်လက် ဆွေးနွေးရန် ပြည်နယ်လွှတ်တော်မှ ဆုံးဖြတ်ခဲ့သည်။

AA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်လိုက်မှသာလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို ထပ်ပြီးတက်နိုင်မှာဖြစ်ကြောင်း စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးက ဆိုသည်။

“ULA / AA ကို အကြမ်းဖက်အဖွဲ့အစည်းမှ ပယ်ဖျက်ရေးဟာ ရှေ့လာမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အားလုံးရဲ့ ပထမဆုံးခြေလှမ်း၊ လာမယ့် ရခိုင်ပြည်နယ်အရေးမှာ ပိတ်ဆို့နေတဲ့အားလုံးမှာ ဒီဟာတစ်ခုကို စပြီး ဖြေလျှော့ပြီးတော့ ပြောင်းလဲမှသာလျှင် တခြားအဆင့်တွေကို ထပ်ပြီးတက်နိုင်မှာဖြစ်တယ်” ဟု ၎င်းကပြောသည်။

(AA) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ရန်အတွက် လက်ရှိ AA နှင့် ဆွေးနွေးနေသည့် တပ်မတော်အနေဖြင့် နှစ်ဘက်တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ရရှိလာသည့် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းများနှင့် သဘောတူညီချက်များ စသည့် ဆွေးနွေးမှုရလဒ်များကို အစိုးရထံတင်ပြရန်လိုအပ်ကြောင်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က DMG ကို ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် အစိုးရက ရက္ခိုင့်တပ်တော် (AA) အား မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေငြာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းမှ  ရွေးကောက်ပွဲမကျင်းပခဲ့ရသော မြို့နယ်များတွင် ရွေးကောင်ပွဲအမြန်ဆုံး ကျင်းပရေးကို အခြေခံကာ တပ်မတော်နှင့် (AA) တို့အကြားတွင် တွေ့ဆုံဆွေးနွေးခြင်းများ ရှိလာနေသည်။

ဗီဒီယိုများ