ရခိုင်သို့ ပြည်တွင်းမှပြန်လာသူများကို အသွားအလာစောင့်ကြည့်ခြင်း(Quarantine) ထားတော့မည်မဟုတ်

ရခိုင်ပြည်နယ်သို့ ပြည်တွင်းမှပြန်လာသူများကို အသွားအလာစောင့်ကြည့်ခြင်း (Quarantine) မထားတော့ကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

By ကျော်သူဌေး 06 Jul 2020

ကျော်သူဌေး | DMG
ဇူလိုင် ၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်သို့ ပြည်တွင်းမှပြန်လာသူများကို အသွားအလာစောင့်ကြည့်ခြင်း (Quarantine) မထားတော့ကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် Covid-19 ရောဂါဖြစ်ပွားသူအများစုမှာ နိုင်ငံခြားပြန်များဖြစ်ပြီး ၎င်းတို့မှာ ပြည်တွင်း၌ သွားလာ လှုပ်ရှားခြင်းမရှိ၍ ပြည်တွင်းမှပြန်လာသူများကို Quarantine မထားခြင်းဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ပြည်တွင်းကလာတဲ့သူတွေ၊ ရန်ကုန်ကလာတဲ့သူတွေကို Quarantine မထားတော့ဘူး။ နိုင်ငံခြားပြန်တွေက ကျတော့ Quarantine ထားပြီးဆေးစစ်တယ်။ အခုရောဂါဖြစ်နေတဲ့သူတွေအားလုံးက နိုင်ငံခြားပြန်တွေ များတယ်”ဟု ၎င်းကရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် Covid-19 ရောဂါပိုးတွေ့ရှိသူ ၁၂ ဦးရှိခဲ့ရာ ယင်းအထဲတွင် သံတွဲဆေးရုံမှ တစ်ဦး၊ တောင်ကုတ်ဆေးရုံမှ တစ်ဦး၊ မောင်တောဆေးရုံမှ သုံးဦးတို့မှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်သည်။

ကျန်ရှိသည့် ပိုးတွေ့လူနာ ခုနှစ်ဦးမှာ စစ်တွေဆေးရုံကြီးတွင် တစ်ဦး၊ မောင်တောခရိုင်ဆေးရုံကြီးတွင် လေးဦးနှင့် ဘူးသီးတောင်မြို့နယ်ဆေးရုံကြီးတွင် နှစ်ဦးတို့ ဆေးကုသမှုခံယူလျက်ရှိသည်။

မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုးတွေ့ရှိသူ ၃၁၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ပြန်လည်သက်သာလာသူ ၂၄၁ ဦး၊ စောင့်ကြည့်လူနာ ၆၁၁၂ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဇူလိုင်လ ၆ ရက်နေ့ ညနေ ၃ နာရီထုတ်ပြန်ချက်အရ သိရသည်။

ဗီဒီယိုများ