ကိုဗစ်လူနာအမှတ် ၃၃၉ မှာ ဘင်္ဂလာဒေရှ့်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများနှင့် ထိတွေ့ခဲ့သူဖြစ်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာအမှတ်-၃၃၉ သည် ဘင်္ဂလာဒေရှ့်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများနှင့် ထိတွေ့ခဲ့သူဖြစ်ကြောင်း အဆိုပါမြို့နယ်မှ ဆရာဝန်ကြီးထံမှ သိရသည်။

By ဝင်းညွန့် 17 Jul 2020

ဝင်းညွန့် | DMG
ဇူလိုင် ၁၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာအမှတ်-၃၃၉ သည် ဘင်္ဂလာဒေရှ့်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများနှင့် ထိတွေ့ခဲ့သူဖြစ်ကြောင်း အဆိုပါမြို့နယ်မှ ဆရာဝန်ကြီးထံမှ သိရသည်။

လူနာအမှတ်-၃၃၉ သည် တရားမဝင် ဝင်ရောက်လာသူ ၂ ဦးကို ကျောက်တော်မြို့နယ်၊ ဆင်တက်မော် မွတ်ဆလင်ဒုက္ခသည်စခန်းမှ အင်ဘာရီကျေးရွာသို့ ဇွန်လ ၂၆ ရက်နေ့တွင် စက်လှေဖြင့်သွားခေါ်ခဲ့ကာ အင်ဘာရီကျေးရွာတွင် အသွားအလာကန့်သတ်ထားသူဖြစ်ကြောင်း ကျောက်တော်မြို့နယ်ဆေးရုံ ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးက DMG သို့ ပြောသည်။

“သုံးယောက်လုံးကို ပထမအကြိမ် ဆေးစစ်ဆေးတော့ အကုန်လုံး Negative ဖြစ်တယ်။ အဲဒီထဲမှ တစ်ယောက်က ဒီလ ၁၄ ရက်နေ့က ထွက်ပြေးသွားတော့ ဒုတိယအကြိမ်မှာ ၂ ယောက်ကိုစစ်တယ်။ တစ်ယောက်တွေ့တာ” ဟု ဆရာဝန်ကြီးက ရှင်းပြသည်။

လက်ရှိအချိန်၌ ထွက်ပြေးသွားသူအား လိုက်လံရှာဖွေလျက်ရှိပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုလည်း တင်ပြထားကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။

အဆိုပါ ပိုးတွေ့လူနာအား ကျောက်တော်မြို့နယ်မှနေ၍ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရန် အတွက် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းအချိန်က ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ကျောက်တော်မြို့နယ် ဆရာဝန်ကြီးထံမှ သိရသည်။

ထို့အပြင် တရုတ်နိုင်ငံမှ ကျောက်တော်မြို့နယ် ရောင်စုံကျေးရွာသို့ ပြန်လာသူတစ်ဦးမှာလည်း ကျေးရွာစာသင် ကျောင်းတွင် အသွားအလာကန့်သတ်ထားရာမှ ဇူလိုင် ၁၄ ရက်နေ့က အပေါက်ဝတိုက်နယ်ဆေးရုံတွင် သေဆုံး သွားခဲ့သည်။

သေဆုံးသူ၏ နှာခေါင်း၊ လည်ခေါင်း(တို့ပတ်)တို့ကို ဆေးစစ်ဆေးရန် ရန်ကုန်တိုင်းရှိ အမျိုးသားဓါတ်ခွဲဌာနသို့ ပို့ဆောင်ထားသည်။

ရခိုင်ပြည်နယ်အတွင်းတွင် မောင်တော၊ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ်တို့၌ ဆေးကုသမှုခံယူ နေသည့် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း(၇)ဦးရှိနေပြီး ပြန်လည်ကောင်းမွန်၍ ဆေးရုံမှဆင်းသွားသူ ၈ ဦး ရှိခဲ့သည်။

ဗီဒီယိုများ