တိုက်ပွဲများ လျော့ကျလာခြင်းကြောင့် မိုးစပါးရိတ်သိမ်းရန် စစ်ဘေးရှောင် လေးထောင်ခန့် နေရပ်ပြန်

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများ လျော့ကျလာခြင်းကြောင့် ရခိုင်ပြည်နယ်၊ မြို့နယ်အချို့ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များထဲမှ လူဦး၄၀၀၀ခန့်မှာ မိုးစပါးရိတ်သိမ်းရန်အတွက် ယခုလအတွင်း မိမိနေရပ်သို့ ပြန်သွားကြကြောင်း သတင်းရရှိသည်။

By မျိုးသီရိကျော် 19 Nov 2020

ရမ်းဗြဲမြို့ပေါ်၌ လာရောက်ခိုလှုံနေကြသည့် စစ်ဘေးရှောင်များ နေရပ်ပြန်ကြသည်ကို နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။

မျိုးသီရိကျော် | DMG
နိုဝင်ဘာ ၁၉ ၊ စစ်တွေ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများ လျော့ကျလာခြင်းကြောင့် ရခိုင်ပြည်နယ်၊ မြို့နယ်အချို့ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များထဲမှ လူဦး၄၀၀၀ခန့်မှာ မိုးစပါးရိတ်သိမ်းရန်အတွက် ယခုလအတွင်း မိမိနေရပ်သို့ ပြန်သွားကြကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ဘေးရှောင်များမှာ စားဝတ်နေရေး နေရာထိုင်ခင်း အခက်အခဲရှိနေသည့်အပြင် နိုဝင်ဘာလအတွင်း တိုက်ပွဲများလျော့ကျလာခြင်း၊ကျေးရွာအတွင်း ဖမ်းဆီးစစ်ဆေးခြင်းများ လျော့ကျလာခြင်းကြောင့် မိုးစပါးများကို ရိတ်သိမ်းနိုင်ရန် မိမိနေရပ်သို့ ပြန်သွားကြခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောဆိုကြသည်။

ကျောက်ဖြူမြို့သို့ထွက်ပြေးတိမ်းရှောင်လာကြသည့် ဇိုင်ချောင်း၊ သိုင်းချောင်း၊ လင်းကွေ့၊ ကျောက်ပြောက်၊ စိုင်ခြုံ စသည့်ကျေးရွာ များမှစစ်ဘေးရှောင် ၂၀၀၀ ကျော်မှာလည်းမိမိနေရပ်ကိုပြန်သွားကြကြောင်း စစ်ဘေး ရှောင်များကို ကူညီ ပေးနေသည့် မြဖုန်းမိုရ်ကပြောသည်။

“သူတို့မှာကျန်ခဲ့တဲ့ စပါးတွေကို ရိတ်သိမ်းဖို့သွားကြတာ။ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာ ဖမ်းဆီးတာတွေလည်း မရှိတော့ဘူးပေါ့နော်။ အဓိက စစ်သားတွေလည်း မရှိဘူး၊ ဒေသလည်း တည်ငြိမ်နေတဲ့အတွက် ပြန်သွားကြတာပါ”ဟု ၎င်းကဆိုသည်။

ယင်းပြင် ရသေ့တောင် ကြက်ရိုးဆစ်စစ်ဘေးရှောင်စခန်းမှ လူဦးရေ ၁၅၀၀ ကျော်မှာလည်း မိမိကျေးရွာ၌ ကျန်ရှိခဲ့သော ရေလုပ်ငန်းနှင့် မိုးစပါးရိတ်သိမ်းရန် နိုဝင်ဘာ ၁၅ ရက်နေ့က ပြန်သွားကြကြောင်း စခန်းတာဝန်ခံ ကိုသန်းထွန်းဝင်းကပြောသည်။

ကြက်ရိုးဆစ်စစ်ဘေးရှောင်စခန်းတွင် နေထိုင်ခဲ့သည့် ကန်ပြင်ကျေးရွာမှ ဦးမောင်ထွန်းစိန်က မိမိကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များ ကျရောက်ခဲ့သည့်အတွက် နေအိမ် ၃၀ ခန့်ပျက်စီးနေပြီး၊ အိမ်သုံးပစ္စည်းများတချို့ ပျောက်ဆုံးသွားကြောင်း ပြောသည်။

“စစ်ဘေးရှောင်စခန်းမှာ နေရတာလည်း အဆင်မပြေတော့ ကိုယ့်အိမ်ပြန်လာတာပါ။ အမိုးအကာပျက်စီးနေတာ တွေ၊ တစ်ဝက်တစ်ပျက်လောက် ပျက်စီးနေတဲ့နေအိမ်တွေ ပြန်လည်ပြုပြင်ဖို့အတွက် ငွေကြေးအခက်အခဲတော့ ရှိပါတယ်”ဟု ဆိုသည်။

မိမိကျေးရွာအတွင်း နေထိုင်နေသော်လည်း တပ်မတော်စစ်ရေယာဉ် အတက်အဆင်းတွင် ပစ်ခတ်မှုများရှိလာပါ အသက်အန္တရာယ် စိုးရိမ်ကြောင်းဆက်ပြောသည်။

သို့သော်လည်း လက်ရှိအချိန်ထိ ပစ်ခတ်သံတစုံတရာ မကြားရသေးကြောင်း သိရသည်။

ယင်းနည်းတူ ရသေ့တောင်မြို့နယ် ရေပိုက်ဆုံစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ၂၀၀ခန့်မှာလည်း မိမိကျေးရွာ၌ ကျန်ရှိခဲ့သော ရေလုပ်ငန်းကို လုပ်ကိုင်ရန်အတွက် ပြန်သွားကြသော်လည်း စိုးရိမ်မှုများ ရှိနေကြောင်း စခန်းတာဝန်ခံ ကိုအောင်နိုင်ကပြောသည်။

“ဒေသတည်ငြိမ်နေတဲ့အတွက် ကိုယ့်ရွာရဲ့အခြေနေကိုကြည့်ဖို့ သွားကြတယ်ပေါ့နော်။ အခြေအနေကောင်းရင်တော့ အကုန်လုံးပြန်သွားကြမှာပါ။ ပြန်သွားတဲ့သူတွေလည်း စိုးရိမ်ကြောင့်ကြမှုတွေနဲ့ပါ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော် (AA)တိုY တိုက်ပွဲဖြစ်ပွားမှု ၂နှစ် နှစ်တာကာလအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ဦးရေမှာ ၂ သိန်း ၃သောင်း ၆ထောင် ကျော်ထိ ရှိလာနေပြီဖြစ်သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မကျင်းပရသေးသောာ မြို့နယ်များအတွက် ရွေးကောက်ပွဲများကို ဒီဇင်ဘာလမကုန်မီ ကျင်းပနိုင်ရန် AA ဖက်မှ တိုက်တွန်းခဲ့ပြီး တပ်မတော်ဖက်မှ ကြိုဆိုကြောင်း ထုတ်ပြန်ချက် ထုတ်ပြီးနောက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲများလျော့နည်းလာကြောင်း လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများထံမှ သိရသည်။

ဗီဒီယိုများ