တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့တွင် ရခိုင်မှကျောင်းသား ၃၈၀၀ ကျော် ဖြေဆိုရန်ပျက်ကွက်

တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့(မတ်လ ၃၁ ရက်)စတင်စစ်ဆေးလျက်ရှိရာ ပထမနေ့ မြန်မာစာဘာသာရပ်စစ်ဆေးရာတွင် ရခိုင်ပြည်နယ်အတွင်းမှဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား ၃၈၄၇ ဦးရှိခဲ့ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က DMG သို့ပြောသည်။

31 Mar 2022

DMG ၊ မတ် ၃၁

တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့(မတ်လ ၃၁ ရက်)စတင်စစ်ဆေးလျက်ရှိရာ ပထမနေ့ မြန်မာစာဘာသာရပ်စစ်ဆေးရာတွင် ရခိုင်ပြည်နယ်အတွင်းမှဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား ၃၈၄၇ ဦးရှိခဲ့ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က DMG သို့ပြောသည်။

ရခိုင်တွင် စာမေးပွဲဖြေဆိုရန်အတွက်စာရင်းပေးခဲ့သူ ၄၅၆၀၀ ဦးအထိရှိခဲ့သော်လည်း စတင်ဖြေဆိုသည့်နေ့တွင် ကျား ၁၈၆၇၆ ဦး၊ မ ၂၃၀၇၇ ဦး၊ စုစုပေါင်း ၄၁၇၅၃ ဦးသာ ဝင်ရောက်ဖြေဆိုခဲ့ပြီး ရာခိုင်နှုန်းအရ ၉၁ ဒသမ ၅၆ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြောင်း ၎င်းကဆိုသည်။

“စာရင်းပေးပြီးတော့မှ ဖြေဆိုဖို့ပျက်ကွက်တဲ့အထဲမှာ စစ်တွေခရိုင်က ပျက်ကွက်သူဦးရေအများဆုံးဖြစ်တယ်။ ကျန်တဲ့ ခရိုင်တွေမှာလည်း ပျက်ကွက်တာတွေရှိတယ်။ အဲဒီပျက်ကွက်တဲ့အထဲမှာ စစ်ဘေးရှောင်တွေလည်း ပါကောင်းပါနိုင်ပါတယ်”ဟု  ဦးဘထွီးစိန်က ရှင်းပြသည်။

ပျက်ကွက်သူများမှာ စစ်တွေခရိုင်မှ ၁၁၇၆ ဦး၊ မြောက်ဦးခရိုင်မှ ၉၁၂ ဦး၊ ကျောက်ဖြူခရိုင်မှ ၈၆၅ ဦး၊ သံတွဲခရိုင်မှ ၅၀၇ ဦးနှင့် မောင်တောခရိုင်မှ ၃၈၇ ဦးတို့ဖြစ်ကာ ရာခိုင်နှုန်းအားဖြင့် ပျက်ကွက်သူ ၈ ဒဿမ ၄၄ ရာခိုင်နှုန်းရှိကြောင်း  ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

“ဒီလိုပျက်တယ်ဆိုတာကတော့ ဒီလောက်လူဦးရေမှာ ဒါကပုံမှန်အနေအထားသဘောမျိုးပဲရှိပါလိမ့်မယ်။ ဖြေဖို့စာရင်းပေးပြီးမှ အကြောင်းအမျိုးမျိုးကြောင့် လာမဖြေကြတာလည်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ ရခိုင်က တစ်နိုင်ငံလုံးမှာ ဖြေဆိုသူအများဆုံးပြည်နယ်ဖြစ်နေပါတယ်။ ပြီးတော့ဖြေဆိုရာမှာလည်း ဒီနေ့ဘာထူးခြားဖြစ်စဉ်မှ ဖြစ်ပွားခဲ့တာ မရှိတဲ့အတွက် ဝမ်းသာရပါတယ်”ဟု ဦးဘထွီးစိန်းကဆိုသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်တွင် စာစစ်ဌာန ၁၂၈ ခုဖွင့်လှစ်ကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စစ်ဆေးနေခြင်းဖြစ်ပြီး ယင်းစာစစ်ဌာနများအနက် စာစစ်ဌာန ၂၀ ကို လုံခြုံရေးအခြေအနေကြောင့်ဟုဆိုကာ မြို့ပေါ်သို့ ပြောင်းရွှေ့စစ်ဆေးခဲ့သည်။

ထိုသို့စာစစ်ဌာနများကို မြို့ပေါ်သို့ပြောင်းရွှေ့လိုက်ခြင်းကြောင့် စစ်ဘေးရှောင်စခန်းမှ ကျောင်းသားများမှာ စာမေးပွဲဖြေဆိုရန်အတွက် အခက်အခဲများရှိကြောင်း မိဘများက DMG သို့ ပြောဆိုထားကြသည်။

ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ ဒေါ်စိန်မခင်က “သားသမီးတွေကို မြို့ပေါ်ကို စာမေးပွဲ သွားဖြေဖို့အတွက် ကျွန်မတို့မှာရှိတာလေးတွေကို ပေါင်နှံလိုက်ရတယ်။ စစ်ဘေးရှောင်စခန်းမှာနေရတာဆိုတော့ ဘာဝင်ငွေမှလည်းမရှိဘူးလေ။ ဒါပေမယ့် သားသမီးပညာရေးကအရေးကြီးတော့ ရှိတာတွေကိုပေါင်ရတာပေါ့”ဟု ပြောသည်။

တစ်နိုင်ငံလုံးတွင် ကိုဗစ်ကြောင့် ကျောင်းများကို ၂ နှစ်ခန့်ပိတ်ထားရကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှစတင်ကာ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့စာသင်ချိန်နောက်ကျခဲ့သည့်အတွက် ကျောင်းသားကျောင်းသူများအဆင်ပြေစေရေးအတွက် သင်ခန်းစာများကို လျှော့၍သင်ကြားခဲ့ရသည်များရှိခဲ့ကြောင်း အမ်းမြို့နယ်ပညာရေးမှူး ဦးကိုကိုကြီးကဆိုသည်။

“သတ်မှတ်ရက်အပြီးသင်နိုင်ဖို့အတွက် သင်ခန်းစာတွေကို လျှော့ပလိုက်တာတွေရှိတယ်။ ဥပမာပြောရရင် အင်္ဂလိပ်စာမှာ ၁၄ ခန်းရှိရင်  ၆ ခန်းကို လျှော့လိုက်တဲ့အတွက် ၈ ခန်းပဲသင်ရတာမျိုးပေါ့”ဟု ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ ၃ သိန်းကျော်အထိရှိခဲ့ပြီး ရခိုင်ပြည်နယ်မှ ဝင်ရောက်ဖြေဆိုသူ အများဆုံးဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏စာရင်းများအရ သိရသည်။ ကျန်တိုင်းနှင့် ပြည်နယ်များတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းတက်ရောက်သည့် ကျောင်းသူ၊ကျောင်းသားများနည်းပါးခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာတွင်လည်း ဝင်ရောက်ဖြေဆိုသူ ယခင်နှစ်များထက်နည်းပါးခဲ့သည်။

ဗီဒီယိုများ