စစ်ကောင်စီလက်ထက်တွင် နိုင်ငံသားအဖြစ်မှရပ်စဲခံရသူ ၂၈ ဦးအထိရှိလာ

စစ်ကောင်စီလက်ထက်တွင် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများ နိုင်ငံသားအဖြစ်မှရပ်စဲခံရသည်မှာ (၂၈)ဦးအထိရှိလာပြီဖြစ်သည်။

02 Apr 2022

DMG ၊ ဧပြီ ၂

စစ်ကောင်စီလက်ထက်တွင် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများ နိုင်ငံသားအဖြစ်မှရပ်စဲခံရသည်မှာ (၂၈)ဦးအထိရှိလာပြီဖြစ်သည်။

ကုလသမ္မဂ မြန်မာကိုယ်စားလှယ်သံအမတ် ဦးကျော်မိုးထွန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အဖွဲ့ဝင် (၈)ဦး၊ နိုင်ငံကျော်အနုပညာရှင် (၅)ဦး၊ အမေရိကန်နိုင်ငံ မြန်မာသံရုံးအတွင်းဝန် ဦးမောင်မောင်လတ်နှင့် သံရုံးဝန်ထမ်း (၈)ဦး၊ ဗြိတိန်နိုင်ငံ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း၊ သံရုံးဝန်ထမ်းတစ်ဦးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးမင်းကိုနိုင်အပါအဝင်သုံးဦး စုစုပေါင်း (၂၈)ဦးတို့ကို မြန်မာနိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။

၎င်းတို့ ၂၈ ဦးမှာ နိုင်ငံတော်၏တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျုးလွန်ကာ နိုင်ငံတွင်းမှ တရားမဝင်ထွက်ခွာသွား၍ မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၆၇ အရ ပုဒ်မ-၁၆ ဖြင့် နိုင်ငံသားအဖြစ်မှရပ်စဲကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထိုသို့နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသည်အပေါ် NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက "စစ်ကောင်စီအဖွဲ့ဟာ အစိုးရမဟုတ်တဲ့အတွက် သူတို့ထုတ်ပြန်တဲ့ နိုင်ငံသားဖြစ်မှုကရပ်စဲခြင်းဆိုတာ တရားမဝင်ပါဘူး။ ကိုးကားထားတဲ့ ပုဒ်မ-၁၆ ဆိုတာနဲ့လဲ မကိုက်ညီပါဘူး"ဟု လူမှုကွန်ယက်မှတစ်ဆင့် ပြောဆိုရေးသားထားသည်။

စစ်တပ်မှ အာဏာသိမ်းယူမှုကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပြည်ပသို့ထွက်ခွာတိမ်းရှောင်ရသည့်ဖြစ်စဉ်မှာ ယခင်ကလည်းဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းသို့ပြန်လာရန်အတွက်မှာ နိုင်ငံ၏ အခြေအနေပြောင်းလဲမှုနှင့်သက်ဆိုင်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုသူရမှပြောသည်။

"စစ်တပ်က အာဏာသိမ်းမှုတွေကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပြည်ပကိုတိမ်းရှောင်ရတာ အခုမှမဟုတ်ဘူး။ အရင်အာဏာသိမ်းခဲ့တုန်းကလည်းဖြစ်ခဲ့တယ်။ ပြည်တွင်းကိုပြန်လာဖို့က နိုင်ငံရဲ့အခြေအနေပြောင်းလဲမှုနှင့်သက်ဆိုင်တယ်။ အဲဒါကိုတော့ စောင့်ကြည့်နေတုန်းပဲဖြစ်ပါတယ်"ဟု ၎င်းက DMG သို့ပြောသည်။

ကုလသမဂ္ဂမြန်မာကိုယ်စားလှယ် သံအမတ်ဦးကျော်မိုးထွန်းနှင့် အမေရိကန်နိုင်ငံ မြန်မာသံရုံးမှဝန်ထမ်းများကို ထုတ်ပယ်ခဲ့သည့်အပြင် ဝန်ထမ်းကောင်းဆုတံဆိပ်များကိုလည်း ရုပ်သိမ်းထားကြောင်း ပြီးခဲ့သည့်မတ်လအတွင်းက စစ်ကောင်စီမှထုတ်ပြန်သည်။

နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာလျှင်ဖြစ်စေ၊ အခြားနိုင်ငံသားအဖြစ်ကိုခံယူလျှင် (သို့မဟုတ်) မှတ်ပုံတင်လျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) အလားတူလက်မှတ်ကို ထုတ်ယူလျှင်ဖြစ်စေ နိုင်ငံသားအဖြစ်မှရပ်စဲကြောင်း မြန်မာနိုင်ငံသားဥပဒေပုဒ်မ- ၆၇ ၊ ပုဒ်မ- ၁၆ ၌ ပြဋ္ဌာန်းထားသည်။

ဗီဒီယိုများ