တင်းမကျေးရွာသား နေရပ်ပြန်ရေးအစီအစဉ် ခွင့်ပြုချက်မရ၍ နောက်ဆုတ်လိုက်ရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ တင်းမကျေးရွာသားများမှာ မိမိနေရပ်တွင်ပြန်လည်နေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ရန် ကျေးရွာသို့သွားရောက်မည့်ကိစ္စကို ခွင့်ပြုချက်မရ၍ နောက်ဆုတ်လိုက်ရကြောင်း သိရသည်။

27 Oct 2021

တင်းမကျေးရွာအတွင်း နေအိမ်များပျက်စီးနေသည်ကို ယခုနှစ်မတ်လအတွင်းက တွေ့မြင်ခဲ့ရစဉ်။

DMG ၊ အောက်တိုဘာ ၂၇

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ တင်းမကျေးရွာသားများမှာ မိမိနေရပ်တွင်ပြန်လည်နေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ရန် ကျေးရွာသို့သွားရောက်မည့်ကိစ္စကို ခွင့်ပြုချက်မရ၍ နောက်ဆုတ်လိုက်ရကြောင်း သိရသည်။

အောက်တိုဘာလ ၂၆ ရက်နေ့တွင် တင်းမကျေးရွာသား ၁၀၀ ခန့်မှာ နေရပ်ပြန်ပြီး ကျေးရွာအတွင်းမှခြုံနွယ်များကို သွားရောက်ရှင်းလင်းရန် စီစဉ်ခဲ့သော်လည်း မြို့နယ်မှထောက်ခံချက် မရရှိသဖြင့် ယင်းအစီအစဉ်ကိုနောက်ဆုတ်လိုက်ကြောင်း သိရသည်။

တင်းမဆရာတော် အရှင်ဝါယမိန္ဒက “ကျေးရွာသားတွေကလည်း တိုက်ပွဲဖြစ်နေချိန်မှာ တောင်းဆိုတာမှမဟုတ်တာ။ ဦးဇင်းတို့ကလည်း အခုချက်ချင်းနေအိမ်တွေဆောက်ပေးပါ ပြန်တော့မယ့်ပုံစံမျိုး တောင်းဆိုတာလည်းမဟုတ်ဘူး။ ကျေးရွာမှာ ခြုံနွယ်တွေကိုရှင်းလင်းဖို့ ကျေးရွာဒီထက်ပိုပြီးမပျက်စီးရအောင်လုပ်ဆောင်ဖို့အတွက် တောင်းဆိုတာဖြစ်တယ်။ သွားခွင့်ပေးမနိုင် ပေးနိုင်အကျိုးအကြောင်းကိုတော့ အကြောင်းပြန်သင့်တယ်”ဟု မိန့်ကြားသည်။

တင်းမကျေးရွာသားများအနေဖြင့် ကျေးရွာအတွင်းခြုံနွယ်များကိုရှင်းလင်းရန်အတွက် လာရောက်မည်ဆိုပါက သက်ဆိုင်ရာဌာနမှ ထောက်ခံချက်ပါမည်ဆိုလျှင် လာရောက်ရှင်းလင်းနိုင်ကြောင်း အဆိုပါကျေးရွာအနီးရှိ နယ်မြေခံတပ်မှပြောဆိုထားကြောင်း တင်းမဆရာတော်ထံမှ သိရသည်။

တစ်နှစ်ကျော်ကြာ လူသူမနေဘဲရှိနေသည့် တင်းမကျေးရွာအတွင်း ပထမဆုံးဦးစားပေးအနေဖြင့် ဘုန်းကျော်ကြီးကျောင်းနှင့် ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံဆေးခန်းများကို ရှင်းလင်းရမည်ဖြစ်ပြီး လမ်း၊ ပညာရေးအဆောက်အအုံများ၊ မိမိအိမ်ဝန်းများစသည်ဖြင့် ရှင်းလင်းရေးလုပ်ဆောင်သွားမည်ဟု ကျေးရွာသားများက စီစဉ်ထားခဲ့ကြခြင်းဖြစ်သည်။

ကျေးရွာသား ၁၀၀ ခန့်မှာ တင်းမကျေးရွာသို့ သွားရောက်ရှင်းလင်းရေးလုပ်ရန်အတွက် လိုအပ်သည့်ပစ္စည်းများကိုပြင်ထားပြီးဖြစ်ကြောင်းလည်း တင်းမကျေးရွာမှ ဦးမောင်ထွန်းညွှန့်က ပြောသည်။

“ရွာကိုသွားဖို့အတွက် စက်လှေတွေငှားထားပြီးပြီ။ အဲဒီမှာ ခြုံနွယ်တွေကိုရှင်းလင်းနေစဉ်အတွင်း စားဖို့သောက်ဖို့အတွက် လိုအပ်တဲ့စားနဲ့ရိက္ခာတွေကို ဝယ်ထားတယ်ပေါ့။ အခုက သွားခွင့်မပေးဆိုတော့ စခန်းမှာဘဲဝေမျှ စားသုံးလိုက်တော့မယ်”ဟု ဦးမောင်ထွန်းညွှန့်ကပြောသည်။

လက်ရှိမှာ မြို့နယ်မှထောက်ခံချက်ထုတ်မပေးသဖြင့် သွားရောကမည့်အစီအစဉ် ပျက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

တင်းမကျေးရွာသားများနေရပ်ပြန်ရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့က ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် တင်းမဆရာတော်တွေ့ဆုံခဲ့စဉ်က ကျေးရွာသားများနေရပ်ပြန်နိုင်ရန် ကြိုစားပေးသွားမည်ဟုပြောဆိုခဲ့သော်လည်း ယနေ့အချိန်ထိ အကြောင်းပြန်ခြင်းမရှိသေးကြောင်းလည်း သိရသည်။

တင်းမကျေးရွာအတွင်း မိုင်းအန္တရာယ်စိုးရိမ်ရသည့်အတွက် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ယုံကြည်မှု ယခုထက်ပိုမိုတည်ဆောက်နိုင်လာမည်ဆိုပါက မိုင်းရှင်းလင်းရေးနှင့်တင်းမကျေးရွာသားများနေရပ်ပြန်ရေးကိစ္စကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ပြောဆိုထားသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ် မတ်လအတွင်းက တင်းမကျေးရွာသားများမှာ ဘေးလွတ်ရာသို့ထွက်ပြေးပြီးနောက် ကျေးရွာသားများမရှိခိုက်တွင် ရွာအတွင်းမှ နေအိမ်များမီးရှို့ခံခဲ့ရသည်။

မီးရှို့ခံရမှုနှင့် လူမနေထိုင်မှုတို့ကြောင့် တင်းမကျေးရွာမှ အိမ်ခြေ ၁၃၂ ဆောင်နှင့် ဘုန်းတော်ကြီးကျောင်းတို့မှာ ပျက်စီးယိုယွင်းမှုများရှိနေကြောင်း ယခုနှစ် မတ်လအတွင်းက ကျေးရွာသို့သွားရောက်ကြည့်ရှုခဲ့သည့် တင်းမကျေးရွာသားများကပြောသည်။

တင်းမကျေးရွာသားများမှာ နေရပ်ကိုစွန့်ခွာကာ ဒုက္ခသည်စခန်းများ၌ ဒုက္ခသည်အဖြစ်နှင့်နေထိုင် နေကြရသည်မှာ (၂)ခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဗီဒီယိုများ