ရခိုင်စစ်ဘေးရှောင်များ မိုးဒဏ်လေဒဏ်နှင့် မုန်တိုင်းဒဏ်ခံနိုင်ရန် တစ်စုံတစ်ရာပြင်ဆင်ထားနိုင်ခြင်း မရှိသေးဟုဆို

ရခိုင်ကမ်းရိုးတန်းတွင် မုန်တိုင်းဝင်ရောက်ပြီး မိုးထစ်ချုန်းရွာသွန်းခြင်းနှင့် နေရာကွက်ကျားမိုးရွာသွန်းနိုင်သည်ဟု မိုးဇလမှထုတ်ပြန်ထားသော်လည်း မိုးဒဏ်နှင့်လေဒဏ်ခံနိုင်ရန် တစ်စုံတစ်ရာပြင်ဆင်ထားနိုင်ခြင်းမရှိသေးကြောင်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။

21 Mar 2022

ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းမှ တဲအိမ်များအားတွေ့ရစဉ်။

DMG ၊ မတ်လ ၂၁

ရခိုင်ကမ်းရိုးတန်းတွင် မုန်တိုင်းဝင်ရောက်ပြီး မိုးထစ်ချုန်းရွာသွန်းခြင်းနှင့် နေရာကွက်ကျားမိုးရွာသွန်းနိုင်သည်ဟု မိုးဇလမှထုတ်ပြန်ထားသော်လည်း မိုးဒဏ်နှင့်လေဒဏ်ခံနိုင်ရန် တစ်စုံတစ်ရာပြင်ဆင်ထားနိုင်ခြင်းမရှိသေးကြောင်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။

စစ်ဘေးရှောင်စခန်းရှိ တဲအိမ်များမှာ ခိုင်မာမှုမရှိတော့ခြင်းကြောင့် မုန်တိုင်းဝင်ရောက်လာပါက ပျက်စီးသွားမည့်အရေးနှင့် ကြုံတွေ့ရနိုင်ကြောင်း ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ဦးနိုင်ထွန်းဝင်းကဆိုသည်။

“မုန်တိုင်းဝင်မယ်၊ မိုးထစ်ချုပ်ရွာမယ်ဆိုရင် အခက်အခဲတွေကတော့ အများကြီးဖြစ်သွားမယ်။ ကျနော်တို့နေထိုင်တဲ့ တဲအိမ်တွေဟာ ဆောက်ထားတာလည်း ၃နှစ်လောက်ရှိပြီ။ ဝါးတွေနဲ့တာလဘတ်နဲ့ဆောက်လုပ်ထားတာဖြစ်တဲ့အတွက် အကုန်လုံးပြိုပျက်သွားမှာသေချာတယ်။ အကုန်လုံးက ဆွေးမြေ့နေပြီးသားလေ။ လေတိုက်လိုက်ရင်တောင် အကုန်လုံးက ပြိုနေတာပါ”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ကလည်း လေပြင်းတိုက်ခတ်ခဲ့သည့်အတွက် နေအိမ်များပျက်စီးမှုများရှိခဲ့ကြောင်း ဦးနိုင်ထွန်းက ဆက်ပြောသည်။

လာမည့်ရက်ပိုင်းအတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက် မုန်တိုင်းဝင်ရောက်မည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးကြေညာထားသည်။ စစ်ဘေးရှောင်များမှာ မိုးဒဏ်လေဒဏ်ခံနိုင်ရန်နှင့် မုန်တိုင်းဒဏ်ခံနိုင်ရန် တစ်စုံတစ်ရာကြိုတင်ပြင်ဆင်ထားနိုင်ခြင်းမရှိသေးသည့်အတွက် အခက်အခဲများနှင့် ကြုံတွေ့ရမည်ဖြစ်သည်ဟု ဘူးသီးတောင်မြို့ ရန်အောင်မြေစစ်ဘေးရှောင်စခန်းမှ ကိုအောင်ဌေးကပြောသည်။

“ကျနော်တို့စခန်းကျတော့ မိုးကြီးရင် တောင်ကျရေကြောင့် အဆောင်တွေရေမြုပ်သွားနိုင်တယ်။ မုန်တိုင်းကလာတော့မယ်။ ဘာတစ်ခုမှ ပြင်ဆင်ထားတာမရှိသေးဘူး။ မုန်တိုင်းကျမယ်၊ မိုးကြီးလာရင်တော့ အိပ်ဖို့နေရာတောင်ရှိမှာမဟုတ်ဘူး။ ချက်ပြုတ်စားသောက်တဲ့အပိုင်းအပြင်ကို ဆေးဝါးကအစ အခက်အခဲဖြစ်သွားမယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်တို့အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှာ မိုးဒဏ်လေဒဏ်ခံနိုင်သည့် အဆောက်အအုံများမရှိသည့်အတွက် တတ်နိုင်သည့်ဘက်မှ အရေးပေါ်ကူညီဆောင်ရွက်ပေးရန် စစ်ဘေးရှောင်များက တောင်းဆိုကြသည်။

စစ်တွေမြို့နယ် အုန်းရေပေါ်စစ်ဘေးရှောင်စခန်းမှ ဦးစံထွီးကလည်း “အစိုးရကတော့ ဘာတစ်ခုမှလုပ်ပေးထားတာ မရှိပေမဲ့ ကိုယ်တို့ကိုယ်တိုင် အဆင်ပြေအောင်အတွက်ဆိုပြီး ဘုန်းကြီးကျောင်းတွေမှာသွားနေဖို့ အကူအညီတောင်းထားပါတယ်”ဟု ၎င်းကဆိုသည်။

လတ်တလောတွင် ဂွမြို့၌ အသံချဲ့စက်ဖြင့်အော်၍ မုန်တိုင်းသတိပေးချက်များဆောင်ရွက်ထားပြီး မုန်တိုင်းမတိုက်မီနှင့် တိုက်ခတ်စဉ်၊ တိုက်ခတ်ပြီး အုပ်ချုပ်ရေးကိစ္စများဆောင်ရွက်ရန် command post ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားကြောင်း ပြည်နယ်စစ်ကောင်စီပြောခွင့်ရသူက လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပြောကြားထားသည်။

စစ်ဘေးရှောင်များအတွက် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကြိုတင်ပြင်ဆင်ထားခြင်းရှိ၊မရှိ  အခြေအနေနှင့် ပတ်သက်၍ သိရှိရန် ပြည်နယ်စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။ အလားတူ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသူရိန်ထွန်းအား ဆက်သွယ်ခဲ့ရာတွင်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားခြင်းကြောင့် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ခြောက်သောင်းကျော်ရှိနေသေးသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)၏စာရင်းအရ သိရသည်။
ရခိုင်ကမ်းရိုးတန်းတစ်လျှောက် လာမည့်ရက်ပိုင်းအတွင်း မုန်တိုင်းဒဏ်ခံရနိုင်သည်ဟု ထုတ်ပြန်ပြီးနောက် ကမ်းရိုးတန်းတစ်လျှောက် ငါးဖမ်းလှေများမထွက်ပဲ ရပ်နားထားသည်ဟု ပေါက်တောမြို့နယ် သဲခုံကျေးရွာမှ ဒေသခံ ဦးကျော်နိုင်က ပြောဆိုသည်။

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့၌ ဖြစ်ပေါ်နေသည့် အားကောင်းသည့်မုန်တိုင်းငယ်သည် မတ်လ ၂၃ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းအနီးရောက်ရှိနိုင်ပြီး မိုးထစ်ချုန်းရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်းနှင့် နေရာကွက်ကျား မိုးကြီးနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါမုန်တိုင်းငယ်သည် နီကိုးဘားကျွန်းနှင့် ကပ္ပလီပင်လယ်ပြင်ကမ်းလွန်တစ်လျှောက် မြောက်ဘက်သို့ရွှေ့လျားခဲ့ပြီး နောက်(၁၂)နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ နောက်(၂၄)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ရောက်ရှိနိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။ မုန်တိုင်းငယ်မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွှေ့လျားမည့်အခြေအနေရှိသောကြောင့် လိမ္မော်ရောင်အဆင့်ဟု မိုးဇလက သတ်မှတ်ထားသည်။

အဆိုပါမုန်တိုင်းကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတမ်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သဘောင်္များအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးဇလမှအသိပေးထားသည်။

ဗီဒီယိုများ