ချိန်ခါလီကျေးရွာအတွင်း ပိတ်မိနေသူများအား ကယ်ထုတ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာအတွင်း ပိတ်မိနေသူများကို ယနေ့(ဇူလိုင်လ ၁၄ ရက်) ညနေ ၆ နာရီအချိန်ခန့်တွင် ပြန်လည်ကယ်ထုတ်လာနိုင်ခဲ့ပြီဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

By နှင်းနွယ် 14 Jul 2020

Photo - facebook

နှင်းနွယ် | DMG
ဇူလိုင် ၁၄ ၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာအတွင်း ပိတ်မိနေသူများကို ယနေ့(ဇူလိုင်လ ၁၄ ရက်) ညနေ ၆ နာရီအချိန်ခန့်တွင် ပြန်လည်ကယ်ထုတ်လာနိုင်ခဲ့ပြီဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ချိန်ခါလီကျေးရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးကြစဉ် ရွာသား ၉ ဦးမှာ ကျေးရွာအတွင်း ပိတ်မိနေခဲ့ကြောင်း သိရသည်။

ထိုသို့ ပိတ်မိသူများထဲမှ အသက် ၆၀ အရွယ် ဦးမောင်ထွန်းစိန်မှာ နေအိမ်၌ပုန်းခိုနေစဉ် ရွာထဲသို့ဝင်ရောက် လာသည့် တပ်မတော်သားများမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားသည်ဟု ဇနီးဖြစ်သူ ဒေါ်ဦးတင်ညွန့်က ပြောဆိုထားသည်။

သို့သော် ယနေ့ကျေးရွာအတွင်း ပိတ်မိနေသူများကို သွားရောက်ကယ်ထုတ်ရာတွင် သေဆုံးသူ၏ ရုပ်အလောင်း အား မတွေ့ရှိရတော့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

“ကားသမားကို အကျိုးအကြောင်းပြောပြပြီးတော့ အကူအညီတောင်းပြီး သွားကယ်တာ။ မနေ့က သေသွားတဲ့လူရဲ့ အလောင်းကိုတော့ ရှာမတွေ့ခဲ့ဘူး။ တခြား ပိတ်မိနေတဲ့ လူတွေအကုန်လုံးတော့ ပြန်ရောက်နေပါပြီ။ အကုန်လုံးကတော့ ဘေးကင်းကြပါတယ်။ နောက်ထပ် သေဆုံးသူတွေ မရှိပါဘူး” ဟု ချိန်ခါလီအုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက DMG သို့ ပြောသည်။

ထို့ပြင် ကျေးရွာအတွင်း ပိတ်မိနေသူများထဲမှ တပ်မတော်က ဖမ်းဆီးသွားသည်ဆိုသည့် မောင်အာတောင်း၊ မောင်အာပြဲနှင့် မောင်နေဆန်းဦးတို့ သုံးဦးမှာလည်း ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ ချိန်ခါလီကျေးရွာသားများမှာ ဒုံးပိုက်၊ ဆင်ပိုက်၊ အောင်ဗလ၊ အငူမော်၊ သံချောင်း စသည့် နီးစပ်ရာ ကျေးရွာများဖြစ်သည့် ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လျက် ရှိကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေး နေရသည့် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းခန့်အထိရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏စာရင်းအရ သိရသည်။

ဗီဒီယိုများ