စစ်တွေပြည်သူ့ဆေးရုံတွင် CCTV ပြန်လည်တပ်ဆင်မည်

စစ်တွေမြို့နယ်ပြည်သူ့ဆေးရုံးတွင် ဆရာဝန်အင်းအား မလုံလောက်သည့်အတွက် ကိုဗစ်ပိုးတွေ့လူနာဆောင်များတွင် ကျပ်သိန်း ၄၀ ဖြင့် CCTV များ ပြန်လည်တပ်ဆင်ပေးသွားမည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။

24 Jul 2021

DMG ၊ ဇူလိုင် ၂၄

စစ်တွေမြို့နယ်ပြည်သူ့ဆေးရုံးတွင် ဆရာဝန်အင်းအား မလုံလောက်သည့်အတွက် ကိုဗစ်ပိုးတွေ့လူနာဆောင်များတွင် ကျပ်သိန်း ၄၀ ဖြင့် CCTV များ ပြန်လည်တပ်ဆင်ပေးသွားမည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။

ကိုဗစ် Positive လူနာဆောင် ၄ ဆောင်နှင့် အရေးပေါ်ကုသဆောင် ICU တစ်ဆောင်တွင် CCTV များအား ပြန်လည်စစ်ဆေးကာ ပြုပြင်လုပ်ဆောင်မည်ဟု ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြောသည်။

“ ကိုဗစ်ရောဂါက ပုံမှန် ဖျားတဲ့ လူနာတွေတောင် ခဏခဏ ဆရာဝန်ခေါ်လိုက်၊ လာကြည့်လိုက်လုပ်လို့ မရဘူး။ အဲဒီလို အခက်အခဲတွေကြောင့် CCTV တပ်ပြီးတော့ လူနာဆောင်က ဖုန်းနဲ့ contact လုပ်မယ်။ လူနာရဲ့ အနေအထားကို CCTV က လှမ်းကြည့်မယ်၊ ကြည့်ပြီးတော့ ဆရာဝန်က လိုအပ်ရင် သွားမှာပေါ့၊ အဲဒါတွေကို လုပ်ဖို့အတွက် အဲဒီမှာ ရှိတဲ့ CCTV တွေကို ပြန်စစ်၊ အခု CCTV တပ်ခ သိန်း လေးဆယ်လောက်ကျမယ်၊ အဲဒါတွေကို ကျနော်တို့ ပြည်နယ်ကောင်စီကပဲ ကျခံဖို့ ခိုင်းထားတယ်။ ” ဟု ဆိုသည်။

ယခင်နှစ်က ကိုဗစ်နှင့်ပတ်သတ်ပြီး ရန်ကုန်မှ ဆရာဝန်များကို စစ်တွေသို့  ပို့ပေးခဲ့မှုများရှိသော်လည်း ယခုနှစ်တွင် ပို့ပေးနိုင်သည့် အနေအထားမဟုတ်သည့်အတွက် ဆရာဝန်လိုအပ်မှုများရှိနေသည်ဟု ဦးလှသိန်းက ဆိုသည်။

စစ်တွေပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော အမည်မဖော်လိုသည့် ပိုးတွေ့လူနာ အမျိုးသားတစ်ဦးက “ ဆရာဝန်မလုံးလောက်တာကို နားလည်ပါတယ်။ အခုလို အခက်အခဲကာလမှာ ကူညီပြီး ကုသပေးတာကို ကျေးဇူးလည်းတင်ပါတယ်။ ဒါပေမယ့် စီစီတီဗွီကပဲ ကြည့်ပြီး မကုသဘဲ ဆရာဝန်လာပြီးတော့ ကုသပေးစေချင်ပါတယ်။ ဖုန်းနဲ့ပြောရတာက တစ်ခါတစ်ခါမှာ သိပ်အဆင်မပြေဘူး။ လူ့ချင်းတွေ့မှပဲ ရောဂါလက္ခဏာတွေကို အစုံပြောပြပေးနိုင်မှာ ဖြစ်လို့ပါ။ ” ဟု ပြောသည်။

လက်ရှိ ပြည်သူ့ဆေးရုံတွင် ကိုဗစ်လူနာများကို ဒေါက်တာမောင်မောင်သန်းက တစ်နေ့လျှင် တစ်ကြိမ်လှည့်ပတ်ကြည့်ရှုပြီး ဆရာဝန်၊ သူနာပြုများအနေဖြင့် PPE ဝတ်စုံအပြည့်ဖြင့် ဆေးထိုး၊ ဆေးစစ်ခြင်းများအား ၃ နာရီကြာ ကုသပေးမှုကို တစ်နေ့လျှင် နှစ်ကြိမ်လုပ်ဆောင်နေကြောင်း သိရသည်။

စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်နှင့်ပတ်သတ်ပြီး ကုသပေးနေသည့် ဆရာဝန်အင်းအား သိရှိနိုင်ရန်အတွက် စစ်တွေပြည်သူ့ဆေးရုံးအုပ်ကြီး ဒေါက်တာ ခင်ခင်ဇော်အား ဖုန်းဖြင့် ဆက်သွယ်ရာ နောက်မှ လူချင်းတွေ့ပြီး ဖြေမည်ဟုပြော၍ DMG မှ လူချင်းတွေ့အင်တာဗျူးပြုလုပ်ရန် စစ်တွေပြည်သူ့ဆေးရုံသို့ သွားရောက်ခဲ့သော်လည်း ဒေါက်တာနှင့် မတွေ့နိုင်ခဲ့ပေ။

ဗီဒီယိုများ