လှည်းကူးတွင် CDM သူနာပြုသင်တန်းသူတစ်ဦး၏နေအိမ် ချိတ်ပိတ်ခံရ၊ မန္တလေးမှ ထိန်းသိမ်းခံ သားဖွားဆရာမတစ်ဦးကိုပြန်လွှတ်ပြီး ဦးလေးဖြစ်သူကိုဖမ်းဆီး

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင်နေထိုင်သည့် CDM သူနာပြု ဒုတိယနှစ်ကျောင်းသူတစ်ဦး၏နေအိမ်ကို မြန်မာစစ်တပ်လက်အောက်ခံများမှ ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။

22 Dec 2021

Photo Credit - Nurse Now Facebook Page

DMG ၊ ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင်နေထိုင်သည့် CDM သူနာပြု ဒုတိယနှစ်ကျောင်းသူတစ်ဦး၏နေအိမ်ကို မြန်မာစစ်တပ်လက်အောက်ခံများမှ ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။
သူနာပြုနီးနွယ်ကွင်းဆင်းလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကုန်)မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ဒုတိယကျောင်းသူ၏နေအိမ်တွင် ဖောက်ခွဲရေးပစ္စည်းများရှိသည်ဟု

စစ်တပ်လက်အောက်ခံအဖွဲ့များကို သတင်းပေးတိုင်တန်းမှုကြောင့် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မိသားစုလိုက် တိမ်းရှောင်သွားခဲ့ရကြောင်း အဆိုပါကျောင်းသူနှင့် နီးစပ်သူတစ်ဦးက DMG ကိုပြောသည်။

"စစ်တပ်ရဲ့သတင်းပေးတွေက အိမ်မှာဖောက်ခွဲရေးပစ္စည်းတွေရှိတယ်ဆိုပြီးတော့ မဟုတ်မမှန်တိုင်ကြားတယ်။ အဲတာကိုစစ်တပ်နဲ့ရဲအဖွဲ့က အိမ်ကိုလာပြီးတော့ သုံးရက်အတွင်း လာအဖမ်းခံ၊ အဖမ်းမခံလို့ ဒီနေ့မှာလာပြီးတော့ အိမ်ကိုချိတ်ပိတ်တယ်။ တစ်မိသားစုလုံးကြောက်ပြီးရှောင်ရတော့ ဝရမ်းပါအထုတ်ခံထားရတယ်"ဟု အဆိုပါ နီးစပ်သူကပြောသည်။

ထိုသူနာပြုကျောင်းသူ၏နေအိမ် ချိတ်ပိတ်ခံရမှုသည် သူနာပြုလောကအတွင်း ပထမဦးဆုံးဖြစ်ပြီး ယခုလို လုပ်ဆောင်မှုသည်တရားမမျှတမှုမရှိသည့်အပြင် ယခုလိုလုပ်ဆောင်မှုအတွက် ပြန်လည်တုံ့ပြန်မှုများ ပြုလုပ်ခံရမည်ဖြစ်ကြောင်း သူနာပြုသားဖွာကောင်စီ(ယာယီ)အဖွဲ့မှ အသိပေးထားသည်။

ထို့အပြင် ဒီဇင်ဘာ ၂၀ ရက်နေ့ကလည်း မန္တလေးမြို့တွင်နေထိုင်သည့် သူနာပြုသားဖွားဆရာမတစ်ဦးကို မြန်မာစစ်တပ်လက်အောက်ခံအဖွဲ့မှ ဖမ်းဆီပြီးနောက် ပြန်လွတ်ပေးခဲ့ကာ ဦးလေးတော်စပ်သူကို ထပ်မံဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသည့်သူနာပြုဆရာမ၏ မိသားစုဝင်တစ်ဦးကဆိုသည်။

"ဆရာမကိုပေါ့ အိမ်ကိုလာပြီးတော့ကိုဖမ်းတာပါ။ အင်အားအများကြီးနဲ့ဝင်စီးတာပါ။ နောက်တော့ ဆရာမကိုပြန်လွှတ်ပေးလိုက်တယ်။ ဦးလေးကိုထပ်ပြီး ဖမ်းခေါ်သွားတယ်။ ဘာအမှုနဲ့ဖွင့်နေတာလဲတော့ မသိရသေးဘူး"ဟု အဆိုပါမိသားစုဝင်က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ပြုလုပ်သည့် ကျန်းမာရေးဝန်ထမ်းများကို ရာဇသတ်ကြီးပုဒ်မ- ၅၀၅(က)အပြင် နှစ်လစာအတိုးမဲ့ကိုဗစ်ချေးငွေများရယူထားသူများကို နိုင်ငံဘဏ္ဍာ အလွဲသုံးစွဲမှုဖြင့် တရားစွဲဆိုရန်ရှိနေကြောင်း စစ်ကောင်စီနှင့်နီးစပ်သည့်သတင်းများအရ သိရသည်။

စစ်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ပြုလုပ်သည့် ကျန်းမာရေးဝန်ထမ်းအင်အား တစ်သိန်းကျော်ခန့်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။

စစ်ကောင်စီမှဖမ်းဆီးမှုများကြောင့် CDM သူနာပြုနှင့်နီးစပ်သည့် မိသားစုဝင်များ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရကာ အချို့မှာပြန်လည်လွတ်မြောက်လာခဲ့ပြီး သေဆုံးသူအရေအတွက် ၁၁ ဦးအထိ ရှိနေသည်။

ဗီဒီယိုများ