ပြင်ပဆေးရုံများတွင်လုပ်ကိုင်နေသော CDM ကျန်းမာရေးဝန်ထမ်းသူနာပြုများကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့များမှ စုံစမ်းရှာဖွေမှုများပြုလုပ်နေ

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ပြုလုပ်ထားပြီး ပြင်ပဆေးရုံများတွင်လုပ်ကိုင်နေသည့် ကျန်းမာရေးဝန်ထမ်း သူနာပြုများကို စစ်ကောင်စီလက်အောက်ခံအဖွဲ့များမှ လိုက်လံစုံစမ်းကာရှာဖွေမှုများရှိနေသဖြင့် လုံခြုံသည့်နေရာများသို့ တိမ်းရှောင်နေရကြောင်း CDM သူနာပြုအချို့ကပြောဆိုသည်။

28 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၈

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ပြုလုပ်ထားပြီး ပြင်ပဆေးရုံများတွင်လုပ်ကိုင်နေသည့် ကျန်းမာရေးဝန်ထမ်း သူနာပြုများကို စစ်ကောင်စီလက်အောက်ခံအဖွဲ့များမှ လိုက်လံစုံစမ်းကာရှာဖွေမှုများရှိနေသဖြင့် လုံခြုံသည့်နေရာများသို့ တိမ်းရှောင်နေရကြောင်း CDM သူနာပြုအချို့ကပြောဆိုသည်။

စစ်ကောင်စီလက်အောက်ခံအဖွဲ့များမှ CDM ပြုလုပ်ထားသည့် သူနာပြုဆရာ၊ဆရာမများ အလုပ်လုပ်ကိုင်နေသည့် ပြင်ပဆေးရုံအချို့တွင် စုံစမ်းရှာဖွေမှုများရှိနေသည်ဟု CDM သူနာပြုတစ်ဦးက ပြောသည်။

“CDM လုပ်တဲ့သူနာပြုတွေက ပြင်ပဆေးရုံမှာ အလုပ်ဆင်းတဲ့သူတွေရှိနေတယ်။ သတင်းရတယ်ဆိုပြီး စစ်ကောင်စီအဖွဲ့တွေက ဆေးရုံတွေကိုစစ်မေးနေတာရှိတယ်။ လောလောဆယ်က ရန်ကုန်နဲ့ မန္တလေးကိုပေါ့။ နယ်ဘက်ကဆေးရုံတွေကို စစ်ဆေးတာတွေရှိနေတယ်လို့ကြားရတယ်။ ဖမ်းဆီးခံရတဲ့သတင်းတော့ မကြားရသေးဘူး။ သတိထားပြီးနေရတယ်ပေါ့နော်။ လက်ရှိကတော့ အဆင်ပြေတဲ့နေရာကို တိမ်းရှောင်နေရပါတယ်”ဟု ၎င်းကပြောသည်။

ထိုသို့စုံစမ်းရှာဖွေမှုများမှာ ပြီးခဲ့သည့်နိုဝင်ဘာလ ပထမအပတ်ကတည်းကရှိခဲ့သော်လည်း ယခုဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် ပိုမိုစိတ်လာကာ သတင်းထောက်လှမ်းမှုများလည်းရှိနေကြောင်း CDM သူနာပြုများကို ကူညီနေသူများမှ သတိပေးမှုများရှိနေသည်။

ယခုကဲ့သို့ စုံစမ်းရှာဖွေမှုများသည် စစ်ကောင်စီမှ ကျန်းမာရေးနှင့် သူနာပြုအသိုင်းအဝန်းကို တမင်တကာ ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောသည်။

“စစ်ကောင်စီက အခုလိုရှာဖွေစစ်ဆေး ဖမ်းဆီးမှုဆောင်ရွက်နေတာက တမင်တကာခြိမ်းခြောက်နေတာသာ ဖြစ်ပါတယ်။ ကျွန်မတို့ဘက်ကတော့ CDM လုပ်ဆောင်တာကို ရပ်တန့်သွားမှာမဟုတ်ဘူး။ လက်ရှိစစ်အာဏာရှင် ကျဆုံးသည်အထိ ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ပါတယ်”ဟု အဆိုပါကျန်းမာရေးဝန်ထမ်းက ပြောသည်။

သူနာပြုနီးနွယ်ကွင်းဆင်းလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကုန်)မှ CDM ဒုတိယနှစ်ကျောင်းသူနေထိုင်ရာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ညောင်ကုန်းကျေးရွာမှနေအိမ်တွင် ဖောက်ခွဲရေးပစ္စည်းများရှိသည်ဟု စစ်ကောင်စီလက်အောက်ခံအဖွဲ့များထံ သတင်းပေးတိုင်ကြားမှုကြောင့် နိုဝင်ဘာလ ၂၄ ရက်တွင် လာရောက်စစ်ဆေးခဲ့ပြီး နေအိမ်ကိုချိတ်ပိတ်ခဲ့ကာ ကျောင်းသူနှင့်မိသားစုဝင်များမှာ လက်ရှိအချိန်ထိ တိမ်းရှောင်နေရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း မန္တလေးမြို့တွင်နေထိုင်သည့် သူနာပြုသားဖွားဆရာမတစ်ဦးကို စစ်ကောင်စီ လက်အောက်ခံအဖွဲ့မှ ဖမ်းဆီးစစ်ဆေးပြီးပြန်လည်လွတ်ပေးခဲ့ကာ ဦးလေးတော်စပ်သူကို ဖမ်းဆီးသွားခဲ့သည်။

ထိုသို့ပြန်လည်လွှတ်ပေးခဲ့သော သူနာပြုဆရာမကို လက်ရှိတွင် ရာဇသတ်ကြီးပုဒ်မ-၅၀၅(က)ဖြင့် ဖမ်းဆီးဝရမ်းထုတ်ထားကြောင်း သူနာပြုဆရာမအသိုင်းအဝိုင်းမှ သိရသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ပြုလုပ်သည့် ကျန်းမာရေးဝန်ထမ်းအင်အား တစ်သိန်းကျော်ခန့်ရှိပြီး စစ်ကောင်စီ၏ဖမ်းဆီးမှုကြောင့် CDM သူနာပြုနှင့်နီးစပ်သည့်မိသားစုများ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကာ တချို့မှာပြန်လည်လွတ်မြောက်လာခဲ့ပြီး သေဆုံးသူအရေအတွက် ၁၁ ဦးအထိရှိကြောင်း သိရသည်။

ဗီဒီယိုများ