CRPH ထောက်ခံသည်ဟုဆိုကာ သံတွဲ ဒေသခံ ၄ ဦး စစ်ဆေးခံရ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံသည်ဟုဆိုကာ သံတွဲဒေသခံ ၄ ဦးအား မေလ ၄ ရက်နေ့ နံနက်ပိုင်းက သံတွဲရဲစခန်း၌ ခေါ်ယူစစ်ဆေးခဲ့ပြီး ညနေ ၆ နာရီတွင် ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း စစ်ဆေးခံရသူများ၏ မိသားစုဝင်များကပြောသည်။

05 May 2021


DMG ၊ မေ ၅

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံသည်ဟုဆိုကာ သံတွဲဒေသခံ ၄ ဦးအား မေလ ၄ ရက်နေ့ နံနက်ပိုင်းက သံတွဲရဲစခန်း၌ ခေါ်ယူစစ်ဆေးခဲ့ပြီး ညနေ ၆ နာရီတွင် ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း စစ်ဆေးခံရသူများ၏ မိသားစုဝင်များကပြောသည်။

ခေါ်ယူစစ်ဆေးခံရသူ ၄ ဦးမှာ ဦးဖြူကြီး၊ ကိုဖြိုးလေး (ခ) ပြည့်ဖြိုးထွန်း၊ မမီးမီးစု (ခ) ချစ်စုထွေး၊ မဟာလေး (ခ) တင်စန္ဒာဝင်တို့ဖြစ်သည်။

CRPH အား ထောက်ခံပြီး  CDM လုပ်ဆောင်နေသူများကို ငွေကြေးထောက်ပံ့နေသည်ဟု ရဲစခန်းတွင် လာရောက်တိုင်ကြားခြင်းရှိသောကြောင့် ယခုလို ခေါ်ယူစစ်ဆဲမေးမြန်းခြင်းဖြစ်သည်ဟု စခန်းမှပြောဆိုကြောင်း ပြန်လည်လွတ်မြောက်လာသူများက ပြောသည်။

"CRPH ထောက်ခံသူ ပြီးတော့ CDM လုပ်ဆောင်နေသူကို ငွေကြေးထောက်ပံ့နေလားပေါ့ အဲဒါတွေမေးတယ်။ ပြီးတော့ ကျနော်တို့ ဖုန်းထဲက Facebook အကောင့်တွေထဲ ဝင်ကြည့်တယ်။ ကျွန်တော်တို့လဲ မဟုတ်တော့ မဟုတ်ဘူးဘဲပြောတယ်။ ၆ နာရီ ကျော်လောက်ဆိုတော့ ပြန်လွှတ်ပေးတယ်။ ကျွန်တော်တို့ ဖုန်းတွေကိုတော့ သိမ်းထားလိုက်တယ်” ဟု အမည်မဖေါ်လိုသည့် စစ်ဆေးခံရသူတစ်ဦးကပြောသည်။

စစ်ဆေးခံရသူ ၄ ဦးမှာ ပြန်လွတ်လာရန်အတွက် CRPH ကို မထောက်ခံကြောင်းနှင့် CDM လုပ်ဆောင်သူများကို ငွေကြေးထောက်ပံ့ခြင်းမရှိကြောင်း ယခင်ဆန္ဒပြပွဲများ၌သာ ပါဝင်ဖူးကြောင်း ခံဝန်ကတိထိုးကာ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟု စစ်ဆေးခံခဲ့ရသူများက ဆိုသည်။

အဆိုပါ ဒေသခံ ၄ ဦး စစ်ဆေးခံရခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုသဖြင့် သံတွဲမြို့နယ် ရဲစခန်းမှ ဒုရဲမှူး ဝင်းနိုင်စိုးအား DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ခေါ်ယူမှုမရှိဟုပြောဆိုခဲ့သည်။

သံတွဲမြို့နယ်တွင် စစ်အာဏာသိမ်းမှုအလိုမရှိဟု ဆန္ဒထုတ်ဖေါ်ခဲ့၍ ဖမ်းဝရမ်းထုတ်ခံထားရသူ ၂ ဦးနှင့် တရားစွဲဆိုခံထားရသူ ၅ ဦးရှိကြောင်း သိရသည်။

ဗီဒီယိုများ