သရက်ချောင်းမှ CDM ပညာရေးဝန်ထမ်းနှစ်ဦး ကွယ်လွန်

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်၌ မြန်မာစစ်တပ်အာဏာသိမ်းယူမှုအပေါ် ဆန့်ကျင်သည့်အနေဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့သည့် ပညာရေးဝန်ထမ်းနှစ်ဦး ထွက်ပြေးတိမ်းရှောင်ရင်း ကျန်းမာရေးချို့တဲ့မှုကြောင့် ကွယ်လွန်ခဲ့ကြောင်း သရက်ချောင်းပညာရေးဘုတ်အဖွဲ့ (ယာယီ) ထံမှ သိရသည်။

04 Dec 2021

ပုံ - သရက်ချောင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့ (ယာယီ)

DMG ၊ ဒီဇင်ဘာ ၄

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်၌ မြန်မာစစ်တပ်အာဏာသိမ်းယူမှုအပေါ် ဆန့်ကျင်သည့်အနေဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့သည့် ပညာရေးဝန်ထမ်းနှစ်ဦး ထွက်ပြေးတိမ်းရှောင်ရင်း ကျန်းမာရေးချို့တဲ့မှုကြောင့် ကွယ်လွန်ခဲ့ကြောင်း သရက်ချောင်းပညာရေးဘုတ်အဖွဲ့ (ယာယီ) ထံမှ သိရသည်။

သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ မူလတန်းပြတာဝန်ကို ထမ်းဆောင်နေသည့် CDM ဆရာမ ဒေါ်သီတာစန်းသည် ဒီဇင်ဘာ ၃ ရက်တွင် အစာအိမ်ကင်ဆာရောဂါနှင့် တိမ်းရှောင်နေရာ၌ ကွယ်လွန်သွားခဲ့ကြောင်း ဆရာမနှင့်နီးစပ်သည့် မိသားစုတစ်ဦးမှ DMG ကို ပြောသည်။

"ဆရာမ က အာဏာစသိမ်းတဲ့အချိန်ကနေ အခုကွယ်လွန်တဲ့အချိန်အထိ CDM ကို လုံးဝပြုလုပ်သွားတာ။ ခံယူချက်ပြင်းထန်တယ်ပေါ့နော်။ စားဝတ်နေရေးကလည်း အဆင်မပြေတာလည်းပါတယ်ပေါ့။ ဒါပေမဲ့ သူတို့ (စစ်ကောင်စီ) ကို ဆန့်ကျင်ပြီး ကွယ်လွန်ခဲ့ရတဲ့အတွက် ဝမ်းနည်းပြီးဂုဏ်ယူမိပါတယ်။" ဟု အဆိုပါ မိသားစုဝင်က ပြောသည်။

ထို့အပြင် ဥတ္တူကျေးရွာ အခြေံပညာအထက်တန်းကျောင်းတွင် CDM ရုံးဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်အေးအေးဝါဆိုသူမှာလည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက် ညနေပိုင်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ကွယ်လွန်ခဲ့သည်။

ယခုလို စစ်ကောင်စီကို ဆန့်ကျင်ရင်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကို တစိုက်တမတ်ပြုလုပ်ကာ ကွယ်လွန်သွားသည့်အတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းရကြောင်း တနင်္သါရီတိုင်းဒေသကြီး ဆရာဆရာမများသမဂ္ဂမှ အဖွဲ့ဝင်ဆရာမတစ်ဦးက ဆိုသည်။

" အခုလို အသက်ပေးပြီး CDM ကို ပြုလုပ်သွားခဲ့တဲ့အတွက် ကျွန်မတို့အနေနဲ့ အရမ်းလည်း ဝမ်းနည်းရသလို စိတ်မကောင်းလဲဖြစ်ရပါတယ်။ အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းသည်အထိ ကျွန်မတို့ လုံးဝဆန့်ကျင်သွားမှာဖြစ်ပါတယ်။" ဟု အဆိုပါ သမဂ္ဂအဖွဲ့ဝင်ဆရာမက ပြောသည်။

ထို့အပြင် ကွယ်လွန်သွားသည့် CDM ပညာရေးဝန်ထမ်းနှစ်ဦးကို ဓမ္မဘက်မှ ရည်တည်ပေးသည့် ပြည်သူ့ဝန်ထမ်း CDM သူရဲကောင်းနှင့် မိသားစုများအဖြင့် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း သရက်ချောင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့ (ယာယီ) မှ ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းတွင် စစ်ကောင်စီကို ဆန့်ကျင်ရေးလှုပ်ရှားသည့် အကြမ်းမဖက်အာဏာဖီဆန်လှုပ်ရှားမှု (CDM) ပညာရေးဝန်ထမ်း ၆၁၇ ဦး ရှိကြောင်း တနင်္သာရီတိုင်း အခြေခံပညာဆရာဆရာမများသမဂ္ဂအဖွဲ့ထံမှ သိရသည်။

ဗီဒီယိုများ