ရခိုင်ပြည်နယ်အတွင်း COVID-19 ကာကွယ်ရေးပစ္စည်းများကို CDNH မှလှူဒါန်း

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်အတွက် COVID-19 ကြိုတင်ကာကွယ်ရေးပစ္စည်းများကို ကွဲပြား ခြားနားမှုနှင့် အမျိုးသားရေးသဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့(CDNH)မှ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

By အောင်ကောင်းဇော် 09 May 2020

ဓာတ်ပုံ - မာန်အောင်မြို့တွင် CDNH မှ COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများ လာရောက်လှူဒါန်းစဉ်

အောင်ကောင်းဇော် | DMG
မေ ၉ ၊ မာန်အောင်  

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်အတွက် COVID-19 ကြိုတင်ကာကွယ်ရေးပစ္စည်းများကို ကွဲပြား ခြားနားမှုနှင့် အမျိုးသားရေးသဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့(CDNH)မှ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

Mask အခုရေ ၁၅၀၀၀၀ ၊ PPE ဝတ်စုံ ၁၅၀၀ ၊ လက်သန့်ဆေးရည် ၆၃၇၀၀ ဗူး၊ အသိပေးဗီနိုင်း ၄၈၀၀ တို့ကို ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လှူဒါန်းလျက်ရှိကြောင်း CDNH ၏ လှူဒါန်းရေး တောင်ပိုင်းတာဝန်ခံ ကိုဇင်မောင်လင်းက ဆိုသည်။

“ကျနော်တို့လှူဒါန်းမှူတွေ စလုပ်တာကတော့ ဧပြီလကတည်းကပါ။ ဒီရောဂါအတွက် ကျနော်တို့ လှူတာက ဘယ်သူ့ကိုလှူတယ်။ ဘယ်သူ့ကို မလှူဘူးဆိုတာတော့မရှိဘူး။ လူသားတိုင်းကို ကူးစက်တတ်တဲ့ရောဂါဆိုတော့ လူမျိုးဘာသာမရွေးလှူပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိမှာ ရခိုင်ပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များတွင် ပစ္စည်းလှူဒါန်းမှုများ ပြီးစီးပြီဖြစ်သော်လည်း တိုက်ပွဲ ဖြစ်ပွားမှုကြောင့် သွားလာရေးအခက်အခဲရှိနေသည့် မြောက်ပိုင်းက မြို့နယ် ၃ မြို့နယ်တွင် လှူဒါန်းမှုများ မလုပ်ဆောင်နိုင်သေးကြောင်း သိရသည်။

“ကျနော်တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပေါက်တော၊ မြေပုံ၊ ရသေ့တောင်တို့ ကျန်သေးတယ်။ ကျန်တဲ့မြို့နယ် တွေကတော့ လှူပြီးပြီ။ သွားလာရေး၊ ကုန်တင်ကုန်ချ အဆင်မပြေတာကြောင့် ရက်တွေကကြာတော့ ခွင့်ပြုချက် ရက်ကုန်သွားလို့ အခုလှူဒါန်းဖို့အတွက် ခွင့်ပြုချက်အသစ် ထပ်တင်ထားတယ်” ဟု CDNH ၏ လှူဒါန်းရေး မြောက်ပိုင်းတာဝန်ခံ ကိုဇော်မျိုးသက်က ပြောသည်။

CDNH မှ COVID-19 ကာကွယ်ရေးပစ္စည်းများကိုလှူဒါန်းရာတွင် အစိုးရဌာနများအပြင် ရောဂါကာကွယ်ရေး အတွက် လုပ်ဆောင်နေကြသည့် လူမှုအဖွဲ့အစည်းများကိုလည်း လှူဒါန်းထားကြောင်း သိရသည်။

ထို့ပြင် အောက်စီဂျင် အသက်ရှူစက်နှင့် စားသောက်ရေးအတွက်ကိုလည်း ရခိုင်ပြည်နယ်အတွင်း ထောက်ပံ့ လှူဒါန်းသွားရန် စီစဉ်ထားကြောင်းလည်း CDNH မှ သိရသည်။

ဗီဒီယိုများ