တပ်မတော်နှင့် ပူးတွဲအပစ်အခတ်ရပ်ဆိုင်းရန် အသင့်ရှိကြောင်း မဟာမိတ် (၃)ဖွဲ့ထုတ်ပြန်

အပစ်အခတ်ရပ်ဆိုင်းရေးစာချုပ် သဘောတူ လက်မှတ်ရေးထိုးနိုင်မည့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး လုပ်ငန်း များကို လက်တွေ့ကျကျနှင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်နှင့် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ လျှော့ချရပ်တန့်နိုင်ရန် တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းခြင်းဖြစ်ကြောင်း ဆိုသည်။

By ကျော်ချစ် 20 Sep 2019

စက်တင်ဘာလ ၁၇ ရက်နေ့က ကျိုင်းတုံတွင် ဒုတိယအကြိမ် ဆွေးနွေးခဲ့ကြစဉ်

ကျော်ချစ် | DMG

စက်တင်ဘာ ၂၀ ၊ စစ်တွေ

ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သော TNLA ၊ MNDAA ၊ AA တို့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်ဖက်သတ်အပစ်အခတ် ရပ်ဆိုင်းကြောင်း ကြေငြာချက်ထုတ်ပြန်လိုက်သည်။

အပစ်အခတ်ရပ်ဆိုင်းရေးစာချုပ် သဘောတူ လက်မှတ်ရေးထိုးနိုင်မည့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး လုပ်ငန်း များကို လက်တွေ့ကျကျနှင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်နှင့် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ လျှော့ချရပ်တန့်နိုင်ရန် တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် မြန်မာ့တပ်မတော်ဘက်မှ ဆန္ဒရှိပါက ညီနောင်မဟာမိတ် (၃)ဖွဲ့အနေဖြင့် တပ်မတော်နှင့် ပူးတွဲ အပစ်အခတ်ရပ်ဆိုင်းရန်လည်း အဆင်သင့်ရှိကြောင်း ထုတ်ပြန်ထားသည်။ သို့သော် တပ်မတော်ဘက်မှ မည်ကဲ့သို့ သဘောထားရှိကြောင်းကို မသိရသေးပေ။

မဟာမိတ် (၃)ဖွဲ့သည် စက်တင်ဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ ပထမအကြိမ် တစ်ဖက်သတ် အပစ်ရပ်ကြေငြာခဲ့ပြီး ယခု ၂၀၁၉ ခု နှစ်ကုန်ပိုင်းအထိ အပစ်ရပ်ကာလ ထပ်တိုးလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ရှိတဲ့ နေရာတွေကို ထိုးစစ်ဆင်လာတာတွေ၊ နောက် ထိုးစစ်အတွက် ပြင်ဆင်တာတွေ။ ရဟတ်ယာဉ် တွေနဲ့လာပြီးတော့ ဗုံးကြဲတိုက်ခိုက်တာတွေရှိလာရင်တော့ ကျနော်တို့က ကိုယ့်ကိုကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ ပြန်တိုက်ခိုက်သွားမယ်” ဟု AA ပြောခွင့်ရ ခိုင်သုခကဆိုသည်။

ထိုသို့ အပစ်ရပ်ထားသည်ဆိုသော်လည်း တပ်မတော်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ တပ်စခန်း၊ လေ့ကျင့်ရေးစခန်းများကို တိုက်ခိုက်ခြင်း၊ ဒေသတွင်း စစ်ဆင်ရေးနှင့် စစ်ရေးလှုပ်ရှားမှုပြုလုပ်ခြင်း၊ တိုက်ပွဲမရှိဘဲ လက်နက်ကြီးအမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်သင်္ဘော၊ ရဟတ်ယာဉ်များပေါ်မှ ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ဘေးရှောင်များကို ရိက္ခာဖြတ်တောက်နေခြင်းများ ပြုလုပ်လာမည်ဆိုပါက မဟာမိတ် (၃)ဖွဲ့အနေဖြင့် ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာ့တပ်မတော်ဘက်မှ စစ်တိုင်း ၅ တိုင်းတွင် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကာလမှာ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြည့်မြောက်တော့မည်ဖြစ်သည်။

တပ်မတော်မှ ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်မှ ဧပြီ ၃၀ ရက်ထိတစ်ကြိမ်၊ ၂၀၁၉ ခုနှစ် မေ ၁ ရက်မှ ဇွန် ၃၀ ရက်ထိ တစ်ကြိမ်၊ ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်ထိတစ်ကြိမ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ တစ်ကြိမ် တစ်ဖက်သတ်အပစ်ရပ်ကြေငြာခဲ့ခြင်းဖြစ်သည်။

သို့သော် တပ်မတော်၏ အပစ်ရပ်ကြေငြာခဲ့သည့်အထဲတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေကို ချန်လှပ်ထားခဲ့သည်။

စက်တင်ဘာလ ၁၇ ရက်နေ့က မြောက်ပိုင်း ၄ ဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်၊ တပ်မတော် ကိုယ်စားလှယ်တို့ ကျိုင်းတုံမြို့တွင် သုံးပွင့်ဆိုင်ဆွေးနွေးခဲ့ရာမှ အချက် ၇ ချက် သဘောတူညီမှုရရှိခဲ့သည်။

ထို့အထဲတွင် အပစ်ခတ်ရပ်စဲရေး ပဏာမလက်မှတ်ရေးထိုးနိုင်ရေးနှင့် လက်ရှိဖြစ်ပွားနေကြသောတိုက်ပွဲများ လုံးဝချုပ်ငြိမ်းရေး၊ တိုက်ပွဲရှောင်ပြည်သူများ နေရပ်သို့ပြန်လာရေး၊ တပ်နေရာချထားခြင်းကိစ္စနှင့် တိုက်ပွဲ ထပ်မံ၍မဖြစ်ပွားရန် နှစ်ဦးနှစ်ဖက်လိုက်နာရမည့် စည်းမျဉ်းများသတ်မှတ်ခြင်း စသည်တို့ကို ဆက်လက် ဆွေးနွေးရန်တို့ ပါဝင်သည်။

ဗီဒီယိုများ