ကိုဗစ်နှင့် နိုင်ငံရေးအခြေအနေကြောင့် ဒေသလူငယ်ဖွံ့ဖြိုးရေးကျောင်းများ အခက်ကြုံနေရ

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေနှင့် ကိုဗစ်ကပ်ရောဂါကြောင့် ရခိုင်ပြည်နယ်အတွင်းတွင်ဖွင့်လှစ်ထားသည့် ဒေသလူငယ်ဖွံ့ဖြိုးရေးကျောင်းများမှာ အခက်ကြုံနေကြရကြောင်း သိရသည်။

14 Aug 2021

DMG ၊ သြဂုတ် ၁၄

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေနှင့် ကိုဗစ်ကပ်ရောဂါကြောင့် ရခိုင်ပြည်နယ်အတွင်းတွင်ဖွင့်လှစ်ထားသည့် ဒေသလူငယ်ဖွံ့ဖြိုးရေးကျောင်းများမှာ အခက်ကြုံနေကြရကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် မာန်အောင်နှင့် စစ်တွေမြို့တို့၌ ဖွင့်လှစ်ထားသည့် ဒေသလူငယ်ဖွံ့ဖြိုးရေးကျောင်းများမှ ကျောင်းသားအချို့မှာ ပညာသင်ဆုလျှောက်ထားရာတွင် အခွင့်အလမ်းနည်းပါးလျက်ရှိနေကြောင်း ယင်းကျောင်းတာဝန်ရှိသူများက ပြောသည်။

လက်ရှိ နိုင်ငံရေးအပြောင်းအလဲကြောင့် ပြည်မကျောင်းအချို့နှင့် နိုင်ငံခြားပရိုဂရမ်အချို့ကိုဖျက်သိမ်းလိုက်ခြင်းကြောင့် ဒေသလူငယ်ဖွံ့ဖြိုးတိုးတက်ရေးကျောင်းမှ ပညာသင်ဆုလျှောက်ထားမည့် ကျောင်းသားများမှာ အခွင့်အလမ်းနည်းပါးသွားကြောင်း Pechaung Institute မှ ကျောင်းအုပ်ဆရာ ဦးထွန်းလင်းကပြောဆိုသည်။

"နိုင်ငံရေးအပြောင်းအလဲကြောင့် ပြည်မကျောင်းအချို့ ပိတ်သိမ်း၊ဖျက်သိမ်းလိုက်ရသလို နိုင်ငံခြားကပေးမဲ့ပညာသင်ဆုအချို့ကိုလဲ ဖျက်ပစ်လိုက်တာရှိပါတယ်။ ဆိုတော့ ကျောင်းသားတွေအနေနဲ့ ပညာသင်ဆုလျှောက်လို့ရမဲ့ အခွင့်အလမ်းနည်းပါးသွားတာပေါ့" ဟု ၎င်းကဆိုသည်။

လူငယ်ဖွံ့ဖြိုးရေးကျောင်းများကို ရခိုင်ပြည်နယ်အတွင်း၌ ၂၀၁၇ ခုနှစ်မှစတင်ဖွင့်လှစ်လာခြင်းဖြစ်ပြီး လက်ရှိပြည်နယ်အတွင်းတွင် ဒေသလူငယ်ဖွံ့ဖြိုးရေးကျောင်း ၅ ကျောင်းရှိကြောင်းလည်း သိရသည်။

ကိုဗစ်စတင်ဖြစ်ပွားလာသည့် ၂၀၁၉ မှစတင်ကာ ယင်းကျောင်းများ အခက်အခဲရှိလာခြင်းဖြစ်ကာ ကိုဗစ်ကြောင့်ကျောင်းသားများခေါ်ယူသင်ကြားနိုင်ခြင်းမရှိဘဲ စာသင်ကြားရေးအပိုင်းနှင့် ကျောင်းရပ်တည်ရေးအပိုင်းတို့တွင်လည်း အခက်အခဲရှိလာကြောင်း ကျောင်းတာဝန်ရှိသူများက ဆိုသည်။

မာန်အောင်မြို့မှ +Change Maker ဒေသလူငယ်ဖွံ့ဖြိုးတိုးတက်ရေးကျောင်းမှ ကျောင်းအုပ်ဆရာ ဦးအောင်မြင့်သူက ကျောင်းသားများကိုသင်ကြားရာ၌ အွန်လိုင်းစနစ်ကိုသာ အဓိကအားထားနေရသဖြင့် အခက်အခဲများရှိကြောင်း ပြောသည်။

"online က သင်ကြားပေးရတယ်ဆိုတော့ online ကသင်တဲ့အခါ အပြင်မှာလာရောက်သင်ကြားသလို အစုလိုက် Group Work တွေ လက်တွေ့ကျကျမလုပ်နိုင်တာတွေပေါ့။ ဆိုတော့ ခေါင်းဆောင်မှုဆိုင်ရာ Leadership အတွက် မထိရောက်တာတွေ ဖြစ်လာပါတယ်။ လုပ်တဲ့အလုပ်မှာအဆင်မပြေဘူး။ လူမှုပေါင်းသင်းဆက်ဆံရေးတွေ သင်ကြားလို့မရတဲ့အခက်အခဲရှိတယ်။ လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေ မလုပ်လာနိုင်ဘူးဖြစ်လာတယ်။ သင်ကြားရေးအတွက်လဲ ငွေကြေးကုန်ကျမှုတွေရှိလာတယ်"ဟု ဆိုသည်။

ယခုအခါ နိုင်ငံခြားပညာသင်ဆုရရှိသူများအနေဖြင့်လည်း ယခင်ထက်ငွေကြေးကုန်ကျမှု ၂ ဆထိမြင့်တက်နေပြီး ကျောင်းသားများအနေဖြင့် ပညာသင်သွားရောက်ရန်အခက်အခဲရှိနေကြောင်းလည်း သိရသည်။

ဗီဒီယိုများ