စစ်တွေမြို့တွင် စစ်ဘေးရှောင်အတွက် အလှူခံသည့်အဖွဲ့ကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေး

ဇူလိုင်လ ၁၉ ရက်နေ့က စစ်တွေမြို့၊ပြည်တော်သာရပ်ကွက်တွင် အလင်းတံခါးအဖွဲ့ အလှူငွေကောက်ခံနေစဉ် ရဲတပ်ဖွဲ့ဝင်များက ဓာတ်ပုံရိုက်ယူခဲ့သောကြောင့် ၎င်းတို့လည်း ဆက်လက်အလှူခံခြင်းမပြုဘဲ မိမိနေအိမ်သို့ ပြန်လှည့်သွားကြသည်။ သို့သော် ညနေပိုင်းတွင် အဖွဲ့အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင် (၈) ဦးတို့ကို ရဲတပ်ဖွဲ့က နေအိမ်အသီးသီးမှ လာရောက်ခေါ်ယူကာ ရဲစခန်းတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

20 Jul 2019

ဓာတ်ပုံ - ရခိုင်အလင်းတံခါး လူမှုကူညီရေးအဖွဲ့

ကျော်သူဌေး| DMG

ဇူလိုင် ၂၀၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့ရန် စစ်တွေမြို့တွင် အလှူခံနေသည့် “ရခိုင်အလင်းတံခါး” တက်ကြွလှုပ်ရှားသူများအဖွဲ့ကို ဇူလိုင်လ ၂၀ ရက်နေ့တွင် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ခေါ်ယူ စစ်ဆေးခဲ့သည်။

ဇူလိုင်လ ၁၉ ရက်နေ့က စစ်တွေမြို့၊ပြည်တော်သာရပ်ကွက်တွင် အလင်းတံခါးအဖွဲ့ အလှူငွေကောက်ခံနေစဉ် ရဲတပ်ဖွဲ့ဝင်များက ဓာတ်ပုံရိုက်ယူခဲ့သောကြောင့် ၎င်းတို့လည်း ဆက်လက်အလှူခံခြင်းမပြုဘဲ မိမိနေအိမ်သို့ ပြန်လှည့်သွားကြသည်။ သို့သော် ညနေပိုင်းတွင် အဖွဲ့အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင် (၈) ဦးတို့ကို ရဲတပ်ဖွဲ့က နေအိမ်အသီးသီးမှ လာရောက်ခေါ်ယူကာ ရဲစခန်းတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ညနေပိုင်းတွင် စစ်ဆေးပြီးနောက် ၎င်းတို့ကို ပြန်လွှတ်လိုက်ပြီး နောက်တစ်ရက် နံနက်ပိုင်းတွင် ဆက်လက်စစ် ဆေးရန်ခေါ်ယူခဲ့သည်။ နှစ်ရက်တာ စစ်ဆေးမှုတွင် အသင်းတည်ထောင်ခွင့် မှတ်ပုံတင် ရှိ၊မရှိ၊ အလှူကောက်ခံ ရရှိသည့် ငွေများကို မည်သည့်နေရာတွင် သုံးစွဲမှုတို့ကို အဓိက စစ်ဆေးခဲ့သည်ဟု စစ်ဆေးခံရသူများက ပြောသည်။

“ဘယ်ရပ်ကွက်တွေမှာ လှူသလဲလို့မေးတယ်။ လှူတဲ့ရပ်ကွက်ရယ်၊ ဂုဏ်ပြုလွှာတွေကို အကုန်လုံး ချပြလိုက်တယ်။ စစ်ဘေးရှောင်စခန်း အားလုံးနီးပါးလှူတယ်။ (၃၇) ကြိမ်မြောက် လှူပြီးပြီ၊ ဂုဏ်ပြုမှတ်တမ်းလွှာက ၂၀ ကျော်လောက် ရှိတယ်။ မှတ်တမ်းလွှာမပါဘဲ လှူတာလည်း ရှိတယ်။ ဆေးရုံတွေမှာ သွားပြီးလှူတာလည်း ရှိတယ်။ မိဘနာမည်က ဘယ်လိုခေါ်တယ်။ ဘယ်မှာနေတယ် ဒါတွေကအစ မေးတယ်။ ဘာကြောင့် စစ်ရတယ်ဆိုတာကို မေးတော့ အထက်က စစ်ဆေးခိုင်းလို့စစ်ဆေးရတာလို့ပြောတယ်”ဟု အသင်းအတွင်း ရေးမှူး ဒေါ်ဖြူဖြူသန်းက ဆိုသည်။

၎င်းတို့သည် စစ်ဘေးရှောင်များအတွက် အလှူခံရန်အတွက် ပြီးခဲ့သည့် ဧပြီလအတွင်းကပင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ စာတင်ခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းမပြန်သောကြောင့် မေလအတွင်းက စတင်အလှူခံနေခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောသည်။

ယခုကဲ့သို့ အလှူခံနေခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့အဖွဲ့အား ဥပဒေအရ အမှုဖွင့်မည်ဟု ရဲတပ်ဖွဲ့က ပြောလိုက် သည်ဟု ဒေါ်ဖြူဖြူသန်းက ဆိုသည်။

၎င်းတို့အဖွဲ့အနေဖြင့် စစ်ဘေးရှောင်များကို ကူညီရန်အတွက် အလှူငွေကောက်ခံခြင်းဖြစ်ပြီး နိုင်ငံတော်ကို ပုန်ကန်ခြင်းလည်း မဟုတ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

“ကျွန်မတို့က နိုင်ငံတော်ကို ပုန်ကန်တာလည်းမဟုတ်ဘူး။ ခွင့်ပြုမိန့်ရမှ အလှူခံရမယ်ဆိုရင် စစ်ဘေးရှောင်တွေ ငတ်လို့သေမှာပေါ့။ စစ်ဘေးရှောင်တွေ အငတ်ခံနေရမှာကို ကျွန်မတို့ မကြည့်ရက်ဘူး ”ဟု ဒေါ်ဖြူဖြူသန်းက ဆိုသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်အတွင်းတွင် စစ်ဘေးရှောင်(၅)သောင်း ကျော်အထိ ရှိနေပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်။ စစ်ဘေးရှောင်များ အဓိကရှိနေသည့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောတို့ကို ICRCနှင့်WFP ကလွဲပြီး တခြား နိုင်ငံတကာကူညီရေးအဖွဲ့အစည်းများကို လုံခြုံရေးစိုးရိမ်ရသဖြင့် မသွားရောက်ရန် အစိုးရက တားမြစ်ထား သည်။

ထိုသို့တားမြစ်ချက်များကြောင့် စစ်ဘေးရှောင်များအတွက် အခက်အခဲများ ဖြစ်ပေါ်စေသည်ဟုလည်း နိုင်ငံတကာ ကူညီရေးအဖွဲ့အစည်းများက ပြောဆိုကြသည်။

 

ဗီဒီယိုများ