ကန့်ကွက်မှုများရှိနေသော်လည်း ကျောက်ဖြူစီမံကိန်းကို မြန်မာနှင့်တရုတ် လက်မှတ်ရေးထိုး

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်တွင် ရခိုင်အရပ်ဖက်အဖွဲ့အစည်းတစ်ချို့ ကန့်ကွက်မှုများရှိနေသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းများကို နှစ်နိုင်ငံအစိုးရကြား သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

18 Jan 2020

(ဓာတ်ပုံ - Myanmar State Counsellor Office)

မြတ်ဝင်းကျော် | DMG
ဇန်နဝါရီ ၁၈၊ စစ်တွေ

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်တွင် ရခိုင်အရပ်ဖက်အဖွဲ့အစည်းတစ်ချို့ ကန့်ကွက်မှုများရှိနေသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းများကို နှစ်နိုင်ငံအစိုးရကြား သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

လက်ရှိတွင်  ပြည်နယ်များ၌ အကြီးစားစီမံကိန်းများကို တည်ဆောက်ခြင်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေဥပဒေအရ ပြည်နယ်နှင့်စီမံကိန်းဧရိယာအတွင်းမှ ဒေသခံပြည်သူများအနေဖြင့် အကျိုးခံစားပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်၊ စီမံပိုင်ခွင့်နှင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပိုင်ခွင့် မရရှိပေ။

ထို့အပြင် ဒေသတွင်း ပဋိပက္ခများကိုသာ တိုးပွားစေမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စုကို မတည်ဆောက်မီ ကာလအတွင်း ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် တစ်ခြားသော အကြီးစား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ အားလုံးကို အသစ်ထပ်မံ မလုပ်ဆောင်ဘဲ ရပ်တန့်ထားရန် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ရခိုင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်က ထုတ်ပြန်ခဲ့သည်။

 “ဒေသခံတွေရဲ့ သဘောထားအစစ်အမှန်ကို အစိုးရအနေနဲ့ မရယူခဲ့ဘူးပေါ့။ နောက်တစ်ခုက တရုတ်ရဲ့ စွမ်းအင်လိုအပ်ချက်အတွက် ကျောက်ဖြူက အရေးကြီးနေတယ်။ ဆိုတော့ ဒီချိန်ကာလမှာ ကျနော်တို့က စီမံကိန်းနဲ့ဆက်စပ်ပြီးတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို အပြောင်းအလဲဖြစ်အောင်လုပ်ဖို့ ရခိုင်ပြည်နယ်မှာ ဆိုရင်လည်း ၂၀၂၀ ရွေးကောက်ပွဲတောင် နေရာစုံဖြစ်ဖို့မသေချာ။ အဲဒီလိုကာလမှာ အကြီးစားစီမံကိန်းတွေကို နိုင်ငံတကာကို ဝင်ခွင့်ပေးတယ်ဆိုတာက အစိုးအနေနဲ့ အာဏာရှင်ဆန်တယ်” ဟု ယင်းကွန်ရက်၏ ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းကြည်က ပြောသည်။

အလားတူ ကျောက်ဖြူအထူးစီးပွားရေးဇုန်လေ့လာစောင့်ကြည့်ရေးအဖွဲ့ကလည်း ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကိစ္စ လက်မှတ်မရေးထိုးမီ ဒေသခံများ မိရိုးဖလာပိုင်ဆိုင်လာသော မြေယာများကို ဥပဒေအရ တရားဝင် အသိအမှတ်ပြုပေးရန်နှင့် ဆုံးရှုံးနစ်နာမှုများအတွက် အစားထိုးလုပ်ငန်းများလုံလောက်သော အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် ဇန်နဝါရီလ ဇန်နဝါရီလ (၁၆)ရက်နေ့က သဘောထားထုတ်ပြန်ခဲ့သည်။

“ဒီနေ့လက်မှတ်ထိုးတဲ့အပေါ်မှာကျတော့ ဒေသခံတွေကို လုံးဝလျစ်လျူရှုတယ်ပေါ့။ ဒေသခံတွေရဲ့အသံကို ဂရုစိုက်စရာမလို။ စဉ်းစားစရာမလိုဆိုပြီး လက်မှတ်ထိုးတာကို မြင်တယ်” ဟု ယင်းအဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ မမိုးမိုးအေးက ပြောသည်။

ထို့အပြင် စီမံကိန်းတည်ဆောက်ရန်အတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာလေ့လာဆန်းစစ်မှု (SEA) ပြုလုပ်ရန်လိုအပ်သော်လည်း လက်ရှိအချိန်ထိ မပြုလုပ်သေးကြောင်း၊ စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံများကို လုံလောက်သော သတင်းအချက်အလက် မျှဝေခြင်းမရှိကြောင်းနှင့် စီမံကိန်းအတွင်းရှိ ဒေသခံများအနေဖြင့် မြေယာလျှော်ကြေးကိစ္စများ၊ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာကိစ္စများကြောင့် စိုးရိမ်နေကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောက်ဖြူနှင့် အမ်းမြို့နယ်တွင် ၂၀၁၀ ခုနှစ်က တည်ဆောက်ခဲ့သော  ရွှေဂစ်ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းစီမံကိန်းတွင်လည်း  အစိုးရနှင့် ကုမ္ပဏီ တို့အနေဖြင့် ယနေ့အချိန်ထိ မြေယာပြဿနာများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ကျောက်ဖြူစီးပွားရေးဇုန်လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ကျောက်ဖြူ) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်သမ္မတသည် ဇန်နဝါရီလ ၁၇ ရက်က မြန်မာနိုင်ငံသို့လာရောက်ခဲ့ခြင်းဖြစ်ကာ ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံပြီးနောက် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့်သက်ဆိုင်သော သဘောတူစာချုပ်၊ ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင် သဘောတူစာချုပ်လုပ်ငန်းစဉ်များ လျင်မြန်တိုးတက်စေရေး နားလည်မှုစာချွန်လွှာ စသည့် နားလည်မှုစာချွန်လွှာ ၃၃ ခုကို သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

ဗီဒီယိုများ