လက်နက်ကိုင်ပဋိပက္ခကြောင့် ကလေးသူငယ်များ ဥပဒေပါရပိုင်ခွင့်များကို ဆုံးရှုံးနေရ

မြန်မာနိုင်ငံအတွင်းမှ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာဒေသများ၌ နေထိုင်နေကြသည့်ကလေးသူငယ်များသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေတွင်ပါရှိသည့် အခွင့်‌အရေးများကို ဆုံးရှုံးနေကြရသည်။

By အောင်ထိန် 07 Dec 2020

ဓါတ်ပုံ - မြောက်ဦးမြို့နယ်အတွင်းမှ စစ်ဘေးရှောင်စခန်းတစ်နေရာအား တွေ့ရစဉ်

အောင်ထိန် | DMG
ဒီဇင်ဘာ ၇ ၊ စစ်တွေ

မြန်မာနိုင်ငံအတွင်းမှ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာဒေသများ၌ နေထိုင်နေကြသည့်ကလေးသူငယ်များသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေတွင်ပါရှိသည့် အခွင့်‌အရေးများကို ဆုံးရှုံးနေကြရသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ ကလေးသူငယ်များတွင် အသက်ရှင်သန်ရန်၊ ဖွံ့ဖြိုး တိုးတက်ရန်၊ ကာကွယ်စောင့်ရှောက်မှုရရှိရန်နှင့် လူမှုအဖွဲ့အစည်းများ ပါဝင်ဆက်ဆံခွင့်ရရှိရန် စသည့် အခွင့်အရေးများရှိသော်လည်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာဒေသများမှ ကလေးငယ်များမှာ ယင်းဥပဒေပါ ရပိုင်ခွင့်များကို ဆုံးရှုံးနေရခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားမှုရှိသည့်ဒေသများမှ ကလေးငယ်များမှာ ဗုံးသံ၊ သေနတ်သံများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက် ခံစားနေသကဲ့သို့ မိသားစုဝင်များနှင့်အတူ နေရပ်စွန့်ခွာထွက်ပြေးနေကြရသဖြင့် ကလေးငယ်များမှာ အစာ အာဟာရ လုံလောက်စွာမရရှိသည့်အပြင် ပညာသင်ကြားခွင့်များပါ ဆုံးရှုံးလျက်ရှိသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်း၌ ခိုလှုံနေသည့် တင်းမကျေးရွာမှ ဒေါ်ရွှေဦးမေက “ကလေးတွေနဲ့ပတ်သက်လာရင် သူတို့တွေက ပညာရေးတွေ၊ ကျန်းမာရေးတွေ စားရတာက အစ အဆင်မပြေဘူး။ အသားငါးတွေနဲ့ ဝဝဖြိုးဖြိုးမစားရတော့ အာဟာရလည်းချို့တဲ့တယ်။ ပညာရေးလည်း အဲလိုပဲ ကိုယ့်အိမ်မှာဆိုရင် သားသမီးကျောင်းတက်မယ်ဆိုရင် မရှိရင်လည်း ရုန်းကန်ပီးသင်ပေးလို့ရတယ်။ အခုက စစ်ဘေးရှောင်စခန်းမှာ သူများကပေးတာစားနေရတာ ဘယ်လိုလုပ်ပီး စာသင်ပေးနိုင်မှာလဲ” ဟု ပြောသည်။

ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ ကလေးသူငယ်များသည် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် အသက် သေဆုံးရမှုများ၊ ခန္ဒာကိုယ်အစိတ်အပိုင်း ဆုံးရှုံးရမှုများလည်း မြင့်တက်လျက်ရှိ‌နေသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာကာလအတွင်း မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁၃ ဦးသေဆုံးကာ ၅၆ ဦးပြင်းထန်စွာဒဏ်ရာရရှိ သွားကြောင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့(UNICEF)က နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရရှိ ကြသည့်အထဲတွင် ၃၅ ရာခိုင်နှုန်းသည် ကလေးသူငယ်များဖြစ်ကြပြီး ယင်းထဲတွင် ရခိုင်ပြည်နယ်မှ ကလေးသူငယ် ထိခိုက်သေဆုံးမှုမှာ ရာခိုင်နှုန်းအများဆုံးဖြစ်ကြောင်း UNICEF ၏ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားသည်။

နိုင်ငံ၏ အနာဂတ်အကျိုးကို‌ဆောင်ရွက်လာကြမည့် ကလေးသူငယ်များသည် လက်ရှိတွင် အဖက်ဖက်မှ အခွင့်အရေးများဆုံးရှုံးနေရကြောင်း ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။

“စစ်ပွဲနဲ့ပတ်သက်လို့ ကောင်းတဲ့စစ်ပွဲဆိုတာမရှိပါဘူး။ အကုန်လုံးဒုက္ခရောက်ကြရတယ်။ တချို့ဆိုရင် အချိန် မတိုင်မီ ကြွေလွင့်သွားကြတယ်။ အဲဒီထဲမှာ ကလေးငယ်တွေပါတယ်။ ကလေးငယ်တွေဆိုတာ နိုင်ငံအတွက်၊ လူမျိုးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့အရာလို့ ပြောလိုရတယ်။ အခုချိန်မှာ ကလေးငယ်တွေဟာ ကျန်းမာရေး၊ ပညာရေး အဖက်ဖက်က နှောင့်နှေးကြရတယ်။ လွတ်လွတ်လပ်လပ်နေရမယ့်အချိန်မှာ မနေရဘဲ ဒုက္ခအမျိုးမျိုးနဲ့ စစ်ဘေးရှောင်စခန်း‌တွေမှာ နေကြရတယ်” ဟု ၎င်းကဆက်၍ ဆိုသည်။

မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အပြည်ပြည်ဆိုင်ရာစာချုပ်ကို ၁၉၉၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုပါဝင်ခဲ့သည်။

မြန်မာနိုင်ငံ၌ ကလေးသူငယ်များကို ဥပဒေနှင့်အညီ ဘက်ပေါင်းစုံမှ ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေကို အသစ်ပြန်လည်ရေးဆွဲပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

ယူနီဆက်အနေဖြင့် ပဋိပက္ခဖြစ်ပွားမှုများတွင် ပါဝင်နေသည့်အဖွဲ့အစည်းအားလုံးကို ကလေးသူငယ်များ၏ ဘေးကင်းလုံခြုံမှုကို သေချာစေရန်နှင့် ၎င်းတို့၏ ကာကွယ်စောင့်ရှောက်မှုအခွင့်အရေးကို ထိန်းသိမ်းရန်အတွက် မြေမြှုပ်မိုင်းများအသုံးပြုခြင်းကို ရပ်တန့်ရန်နှင့် လက်ရှိ ရှိနေသော မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများကို ရှင်းလင်းကြရန် တိုက်တွန်းထားသည်။

ဗီဒီယိုများ