ရခိုင်တွင် ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအား NLD မှ ထပ်မံအနိုင်ရရှိ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ချင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနေရာအတွက် ကိုယ်စားလှယ်လောင်း ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ယခင်အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီv (NLD)မှ ထပ်မံအနိုင်ရရှိ ခဲ့ကြောင်း ယင်းပါတီ၏ ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးစိုးလေးကပြောသည်။

By မင်းထွန်း 11 Nov 2020

မင်းထွန်း | DMG
နိုဝင်ဘာ ၁၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ချင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနေရာအတွက် ကိုယ်စားလှယ်လောင်း ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ယခင်အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီv (NLD)မှ ထပ်မံအနိုင်ရရှိ ခဲ့ကြောင်း ယင်းပါတီ၏ ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးစိုးလေးကပြောသည်။

လက်ရှိ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးလည်းဖြစ်သူ ချင်းတိုင်းသားလူမျိုးမဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးဘုန်ဘွေမှာ အနိုင်ရရှိသွားပြီဖြစ်ကြောင်း ဦးစိုးလေးကဆိုသည်။

“ဦးပုန်ဘွေရဲ့ မဲရလဒ်အခြေအနေကအနိုင်ရသွားပြီ။ မဲရလဒ်အတိအကျကိုတော့ မပြောနိုင်သေးဘူး” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်၌ ချင်းတိုင်းရင်းသားလူမျိုးလွှတ်တော်မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ၁ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP မှ ၁ ဦး၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၁ ဦး၊ ချင်းတိုင်းရင်းသားများပါတီမှ ၁ ဦး၊ အရှိုချင်းအမျိုးသားပါတီမှ ၁ ဦးနှင့် ချင်းပြည်နယ်မှ တသီးပုဂ္ဂလအဖြစ် ဦစောမြ၊ မိုင်စုစုလှိုင်၊ ဦးကိုကိုနိုင် စုစုပေါင်း (၈)ဦး ဝင်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

“အခုက မဲစာရင်းကိုတိတိကျကျမသိရသေးဘူး။ ဒါပေမယ့် အမ်းမြို့နယ်အတိုင်းအတာအရ တခြားမြို့နယ် တွေကိုယှဉ်ကြည့်မယ်ဆိုရင်တော့ နိုင်မယ်လို့မျှော်မှန်းတယ်။ ဒါပေမယ့် UEC က ကြေငြာတာကိုပဲ လက်ခံရ မှာဖြစ်တယ်” ဟု အရှိုချင်းအမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဝင်းက ဆိုသည်။

အမ်းမြို့နယ်တွင် အရှိုချင်းအမျိုးသားပါတီမှ ဦးမောင်မောင်ဝင်းက (၁၃၂၀)မဲ၊ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးတင်ဦးက (၁၁၅၁)မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဘုန်ဘွေက (၉၄၁)မဲ၊ ကြံ့ခိုင်ရေးပါတီမှ ဦးစောဝင်းက (၃၂၉)မဲ၊ ချင်းတိုင်းရင်းသားများပါတီမှ ဦးထွန်းအောင်ကျော်က (၁၈၃)မဲ၊ တစ်သီးပုဂ္ဂလများ ဖြစ်ကြသည့် မိုင်စုစုလှိုင် (၅၈၀)မဲ၊ ဦးကိုကိုနှိုင် (၂၁၅)မဲ၊ ဦးစောမြ (၁၂၅)မဲတို့ဖြစ်ကြောင်း ယင်းမြို့နယ်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့မှ သိရသည်။

အလားတူ မာန်အောင်မြို့နယ်တွင် အရှိုချင်းအမျိုးသားပါတီမှ (၉၅)မဲ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၅၂)မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၂၈၂)မဲ၊ ကြံ့ခိုင်ရေးပါတီမှ (၇၆)မဲ၊ ချင်းတိုင်းရင်းသားများပါတီမှ (၂၅) မဲ၊ တစ်သီးပုဂ္ဂလများဖြစ်ကြသည့် မိုင်စုစုလှိုင် (၁၄)မဲ၊ ဦးကိုကိုနှိုင် (၃၅)မဲ၊ ဦးစောမြ (၉)မဲ အသီးသီး ရရှိကြကြောင်း သိရသည်။

သို့သော် သံတွဲ၊ ဂွ၊ ရမ်းဗြဲမြို့နယ်တို့မှ မဲစာရင်းရလဒ်များကို မသိရှိရသေးသော်လည်း အမ်းမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့မှ မဲရလဒ်များကိုကြည့်ခြင်းအားဖြင့် NLD ပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့၏ မဲရလဒ်များ ကပ်လိုက်နေသည်ကို တွေ့ရသည်။

ယခုဖော်ပြပါ ရွေးကောက်ပွဲရလဒ်များသည် သက်ဆိုင်ရာပါတီများမှ ထုတ်ပြန်ပြောဆိုထားခြင်းဖြစ်ပြီး မဲရလဒ် အတိအကျကိုမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မထုတ်ပြန်သေးပေ။

ဗီဒီယိုများ