ပလက်ဝ စစ်ဘေးရှောင်များ နေရပ်ပြန်ရေး ချင်းပြည်နယ်အစိုးရအဖွဲ့စီစဉ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လတ်တလောအချိန်ထိ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အပြန်အလှန်ပစ်ခတ်မှုများ ရပ်တန့်နေသည်မှာ နှစ်လခန့်ကြာမြင့်နေပြီဖြစ်သောကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန် ချင်းပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်နေသည်။

By မျိုးသီရိကျော် 05 Jan 2021

မျိုးသီရိကျော် | DMG
ဇန်နဝါရီ ၅ ၊ စစ်တွေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လတ်တလောအချိန်ထိ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အပြန်အလှန်ပစ်ခတ်မှုများ ရပ်တန့်နေသည်မှာ နှစ်လခန့်ကြာမြင့်နေပြီဖြစ်သောကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန် ချင်းပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်နေသည်။

ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်များ နေရပ်ပြန်ရေးနှင့် နေရပ်ပြန်လျှင် စားဝတ်နေရေး အဆင်ပြေရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဆိုသည်။
အကုန်လုံးပြန်သွားလျှင် စားဝတ်နေရေး အခက်အခဲ ဖြစ်နိုင်သည့်အတွက် တချို့တစ်ဝက်သာ ပြန်ဖို့လုပ်ဆောင်နေသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ကပြောသည်။

“နေရပ်ပြန်ချင်တဲ့ သူတွေအတွက်လည်း ပြည်ထောင်စုကို တင်ပြထားတယ်။ ပြည်ထောင်စုက ခွင့်ပြုရင်တော့ သူတို့ဒေသကို ပြန်ချင်တဲ့သူတွေ တချို့ပြန်လို့ရအောင်ပေါ့နော်။ အားလုံးကလည်း ပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ပြန်သွားတဲ့သူတွေက စားဝတ်နေရေး အဆင်မပြေဘူးဖြစ်မှာ။ သူတို့က တောင်ယာအလုပ်အကိုင်တွေ မလုပ်တာက တစ်နှစ်ကျော်ရှိနေပြီဆိုတော့ အားလုံးက စားဝတ်နေရေးခက်ခဲဖြစ်နိုင်တယ်။ အဲဒီအတွက်ကြောင့် ပြန်သွားတဲ့သူတွေလည်း စားဝတ်နေရေးအဆင်ပြေစေဖို့အတွက် နိုင်ငံတော်က ထောက်ပံ့မဲ့အစီအစဉ်တွေ ရအောင်ပေါ့နော်” ဟု ဆိုသည်။

စစ်ဘေးရှောင်များ နေရပ်ပြန်သွားချိန်၌ စားဝတ်နေရေးအခက်အခဲ မဖြစ်စေရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအဖွဲ့နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WPF) တို့ စီစဉ်လျှက်ရှိပြီး ရန်ကုန်အခြေစိုက် ဒုက္ခသည်ကယ်ဆယ်ရေး (RICCI ) မှ အဝတ်အထည်များထောက်ပံ့မည်ဖြစ်သည်။

ပလက်ဝမြို့နယ်တွင် တိုက်ပွဲများရပ်တန့်နေသော်လည်း ကျေးရွာအနီးအနားတွင် တပ်မတော်ဖက်မှ တပ်စွဲနေထိုင်နေသည့်အတွက် မိမိကျေးရွာသို့ မပြန်နိုင်သေးဟု ရုပ်ဝကျေးရွာမှ ဒေါ်လှကျော့ယိုင်က ပြောသည်။

“ကျမတို့ရွာက ပလက်ဝမြို့တဖက်ကမ်းမှာရှိတယ်။ ဒါပေမဲ့ ကျမတို့က ပြန်လို့မရသေးဘူး။ ကျမတို့ရွာထဲမှာ စစ်သားတွေက တပ်စွဲပြီးနေထိုင်နေလို့ပါ။ သူတို့ကို ကျမတို့က အရမ်းကြောက်တယ်။ ဒါကြောင့်မို့လို့မပြန် သေးတာပါ” ဟု ဆိုသည်။

ကျေးရွာများအနီးတွင် တပ်မတော်သားများရှိနေ၍ မိမိနေရပ်သို့ ပြန်သွားသည့်အချိန်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်လာမည်ကို စိုးရိမ်ကြောင်း၊ စစ်ဘေးရှောင်များမှာ နေထိုင်မှု ကြာမြင့်လာသည်နှင့်အမျှ ကျန်းမာရေး၊ စားဝတ်နေရေး၊ နေရာထိုင်ခင်း အခက်အခဲများရှိသည့်အပြင် ယခုဆောင်းရာသီ၌ အနွေးထည်များ လိုအပ်နေကြောင်း ဒေါ်လှကျော့ယိုင်က ပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က တာဝန်ယူမှု၊ တာဝန်ခံမှုရှိမှသာ မိမိနေရပ်သို့ ပြန်သွားနိုင်မည်ဟု ဝိသုတ္တာရုံ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံလျှက်ရှိသည့် မီးလက်ဝကျေးရွာသား ဦးတင်ဦးက ပြောသည်။

“ကျနော်တို့ကို တာဝန်ယူမယ့်သူ တစ်ယောက်မှမရှိတော့ ဘယ်လိုမျိုးနဲ့ပြန်သွားနိုင်မှာလဲ။ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေဆီကလည်း တစုံတရာမှ မကြားရဘူး။ ရခိုင်ပြည်ဖက်မှာဆိုရင် ပြန်ဖို့အတွက် အစိုးရက တာဝန်ယူဆောင်ရွက် ပေးနေတယ်လို့သိရတယ်။ ဒါပေမဲ့ ကျနော်တို့ဖက်မှာတော့ တခုမှမကြားရသေးဘူး” ဟု ဆိုသည်။

ပလက်ဝမြို့နယ်တွင် ကုန်းလမ်း၊ ရေလမ်းများကို ပြန်မဖွင့်သေးသည့်အတွက် ကုန်ဈေးနှုန်းများမှာမြင့်တက်နေ၍ စစ်ဘေးရှောင်များနှင့် ဒေသခံများမှာ ကျန်းမာရေး၊ စားဝတ်နေရေး အဆင်မပြေမှု အခက်အခဲများဖြင့် ရင်ဆိုင်နေရသည်။ အဆိုပါ ကုန်ဈေးနှုန်းမြင့်တက်မှုကို ကျဆင်းစေရန် ချင်းပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်နေကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ခုနှစ်ထောင်ကျော် ရှိနေပြီဟု ကူညီထောက်ပံ့နေသူများထံမှ သိရသည်။

ဗီဒီယိုများ