တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ချင်းပြည်နယ်အတွင်းက မြို့နယ်အချို့တွင် အင်တာနက်ပြတ်တောက်နေ၍ ဒေသခံများ သတင်းသိရှိရန်ခက်ခဲနေ

စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ချင်းပြည်နယ်အတွင်းက မြို့နယ် (၈)မြို့နယ်တွင် အင်တာနက်ပြတ်တောက်နေ၍ ဒေသခံများ သတင်းသိရှိနိုင်ရန် ခက်ခဲနေကြောင်း ပြောဆိုသည်။

24 Sep 2021

DMG ၊ စက္တင္ဘာ ၂၄

စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ချင်းပြည်နယ်အတွင်းက မြို့နယ် (၈)မြို့နယ်တွင် အင်တာနက်ပြတ်တောက်နေ၍ ဒေသခံများ သတင်းသိရှိနိုင်ရန် ခက်ခဲနေကြောင်း ပြောဆိုသည်။

ချင်းပြည်နယ်အတွင်းက ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်၊ တွန်းဇံ၊ မတူပီ၊ ကန်ပလက်နှင့် ပလက်ဝမြို့နယ်တို့တွင် ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းကစ၍ အင်တာနက်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့မှ လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသတစ်ဦးက စစ်တပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေစဉ် ယခုကဲ့သို့အင်တာနက်ဖြတ်တောက်လိုက်ခြင်းမှာ ဒေသခံများ သတင်းသိရှိမှုအပိုင်းကို ပို၍အခက်အခဲဖြစ်သွားစေကြောင်း ပြောသည်။

“ချင်းပြည်နယ်က မြို့တော်တော်များများ ပြတ်တောက်နေတယ်လို့သိရပါတယ်။ ဘာကြောင့် ပြတ်တောက်သွားတယ်ဆိုတာတော့ ကျနော်တို့အနေနဲ့မသိရဘူး။ မနေ့ကနေပြတ်တယ် အခုချိန်ထိ ပြန်မရသေးဘူးဆိုတော့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိလုပ်နေတယ်လို့ယူဆပါတယ်။ အခုက ကျနော်တို့မြို့မှာ စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲတွေလည်းဖြစ်နေတယ်။ အင်တာနက်လည်းပြတ်တောက်သွားတယ်ဆိုတော့ သတင်းအချက်အလက်စီးဆင်းသိရှိမှုအပိုင်းမှာ အဆင်မပြေတော့ဘူးပေါ့” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ အင်တာနက်ဖြတ်တောက်ပြီး ဖြေရှင်းမှုမှာ လုံလောက်သည့်ဖြေရှင်းချက်တစ်ခုမဟုတ်ကြောင်း ၎င်းအမည်မဖော်လိုသူက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်ထိ အင်တာနက်လိုင်းပြန်မရသေးသည့်အတွက် အချိန်ကြာမြင့်စွာ အင်တာနက်ပြတ်တောက်မည်ကိုလည်း စိုးရိမ်သည်ဟု မတူပီမြို့မှ အစိုးရဝန်ထမ်းတစ်ဦးကပြောသည်။

“အင်တာနက်လိုင်းတွေ အချိန်အကြာကြီးပြတ်တောက်သွားမှာကိုတော့ ကျနော်တို့အနေနဲ့စိုးရိမ်ပါတယ်။ အင်တာနက်နဲ့ လုပ်နေရတဲ့ ငွေလွှဲငွေထုတ်တွေ၊ Online ကို အဓိကအားကိုးပြီး လုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ တော်တော်လည်းထိခိုက်မှုဖြစ်သွားနိုင်တယ်။ သတင်းသိရှိမှုအပိုင်းတွေလည်းပေါ့နော်။ ပညာရေးအပိုင်းတွေလည်း ထိခိုက်သွားမယ်။ အင်တာနက်လိုင်း အကြာကြီးမပြတ်တောက်ဖို့ကိုလည်း မျှော်လင့်ပါတယ်”ဟု ၎င်းကဆိုသည်။

ယခင် ရခိုင်ပြည်နယ်တွင် ပြတ်တောက်ခဲ့သကဲ့သို့ အချိန်ကြာမြင့်စွာပြတ်တောက်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ယင်းသို့ အင်တာနက်လိုင်းပြတ်တောက်မှုနှင့်ပတ်သက်၍ ပလက်ဝမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက “တိုက်ပွဲတွေ ဖြစ်တုန်းကလည်း အင်တာနက်လိုင်းပြတ်ခဲ့တယ်။ အခုလည်း ထပ်ပြီးပြတ်နေတယ်။ အရင်တုန်းကလို နှစ်အကြာကြီးပြတ်ရင်တော့ ကျနော်တို့မှာ နောက်ထပ်လည်း အခက်အခဲဖြစ်သွားမယ်။ အင်တာနက်ပြတ်ရင်တော့ ကျနော်တို့ဟာ မျက်စိ၊နား အကုန်လုံးပိတ်ခံထားရသလိုဖြစ်သွားမယ်”ဟု ၎င်းကပြောသည်။

လက်ရှိ ချင်းပြည်နယ်အတွင်း အင်တာနက်ပြတ်တောက်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ Operator များမှလည်း ကြိုတင်အသိပေးခြင်းလည်းမရှိခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှကလည်း ချင်းပြည်နယ်ကမြို့နယ်တချို့တွင် အင်တာနက်လိုင်း ပြတ်တောက်နေသည်ဟုသိရကြောင်း၊ ၎င်းမှာ ခရီးသွားနေသည့်အတွက် မည်သည့်မြို့နယ်များတွင် အင်တာနက်လိုင်းပြတ်တောက်နေသည်ကို တိကျစွာမသိရသေးကြောင်း DMG သို့ ပြောသည်။

ချင်းပြည်နယ်အတွင်းက မြို့နယ် ၈ မြို့နယ်တွင် အင်တာနက်ပြတ်တောက်နေမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီကလည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပေ။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများပြင်းထန်ခဲ့သည့် ၂၀၁၉ ခုနှစ်ဇွန်လကလည်း ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၈ မြို့နယ်နှင့် ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်တို့ကို ကြိုတင်အသိမပေးဘဲ အင်တာနက်ဖြတ်တောက်ခဲ့ပြီး တစ်နှစ်ကျော်ကြာသည်အထိ စံချိန်တင် အင်တာနက်ဖြတ်တောက်ခဲ့သည်။

ဗီဒီယိုများ