မတရားအသင်းဆက်သွယ်မှုဖြင့် တရားစွဲဆိုခံထားရသည့် ရှင်းလက်ဝကျေးရွာသားများအမှုတွင် တရားလိုကို စတင်စစ်ဆေး

“တရားလိုအမှန်က ဗိုလ်မှူး နိုင်အောင်ဖြိုးပါ။ သူက မလာနိုင်။ မလာနိုင်တဲ့အခါ သူ့ရဲ့ လက်ရေးလက်မှတ်ကို သိတယ်ဆိုပြီး နောက်တစ်ဦးက ဗိုလ်ကြီး မိုးကျော်လွင်လာပါတယ်။ သူထွက်ဆိုတာက တရားလို နိုင်အောင်ဖြိုး တိုင်ကြားထားတာတွေကို ထွက်ဆိုခဲ့တာပါ”

23 Aug 2019

ခိုင်ရိုးလ | DMG

သြဂုတ် ၂၃ ၊ စစ်တွေ

မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) (၂)တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာသား ၁၃ ဦးတို့ကို သြဂုတ်လ ၂၃ ရက်နေ့ စစ်တွေမြို့နယ် တရားရုံးတွင်ရုံးထုတ်ရာ၌ တရားလိုအား စတင်စစ်ဆေးခဲ့ကြောင်း အကျိုးဆောင်ရှေ့နေထံမှ သိရသည်။

၎င်းတို့ကို ကျောက်တော်အခြေစိုက် (၃၇၅)တပ်ရင်းမှ ဗိုလ်မှူးနိုင်အောင်ဖြိုးက တရားလိုလုပ်တရားစွဲဆို ထားခြင်းဖြစ်ပြီး ယနေ့ရုံးချိန်းတွင် တရားလို၏ကိုယ်စား မြောက်ဦးမြို့နယ် ခမရ(၃၇၈)မှ ဗိုလ်ကြီး မိုးကျော်လွင်က လာရောက်စစ်ဆေးခံခဲ့ကြောင်း အထက်တန်းရှေ့နေ ဦးထွန်းလှက ပြောသည်။

“တရားလိုအမှန်က ဗိုလ်မှူး နိုင်အောင်ဖြိုးပါ။ သူက မလာနိုင်။ မလာနိုင်တဲ့အခါ သူ့ရဲ့ လက်ရေးလက်မှတ်ကို သိတယ်ဆိုပြီး နောက်တစ်ဦးက ဗိုလ်ကြီး မိုးကျော်လွင်လာပါတယ်။ သူထွက်ဆိုတာက တရားလို နိုင်အောင်ဖြိုး တိုင်ကြားထားတာတွေကို ထွက်ဆိုခဲ့တာပါ”ဟု ဦးထွန်းလှကပြောသည်။

ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာသား ၁၁ ဦးနှင့် ၎င်းတို့ တည်းခိုနေထိုင်ခဲ့သည့် ကျောက်တော်မြို့နေအိမ်မှ အိမ်ရှင်လင်မယား ၂ ဦး စုစုပေါင်း ၁၃ ဦးတို့ကို AA နှင့်ဆက်သွယ်မှု၊ ရိက္ခာထောက်ပံ့မှု စသည့်စွပ်စွဲချက်များဖြင့် ဖမ်းဆီးတရားစွဲဆိုထားခြင်းဖြစ်သည်။

ယနေ့ရုံးချိန်းတွင် တရားလိုအဖြစ်လာရောက်သည့် ဗိုလ်ကြီးမိုးကျော်လွင်မှလည်း ၎င်းအတိုင်းထွက်ဆိုခဲ့ကြောင်း ဦးထွန်းလှက ဆိုသည်။

ရှင်းလက်ဝကျေးရွာသားများကို စွဲဆိုထားသည့်အမှုတွင် တရားလိုသက်သေ ၁၀ ဦးရှိသည့်အနက်မှ ၆ ဦးကို စစ်ဆေးပြီးစီးပြီဖြစ်ကာ ၄ ဦးကျန်ရှိသေးကြောင်း သိရသည်။

“ဒီနေ့တရားလိုကို စတင်စစ်ဆေးမှုပြီးတယ်။ တရားလိုပြသက်သေတွေကို စစ်ဆေးနေတဲ့အဆင့် အားလုံး မပြီးသေးပါ။ အရင်အပတ်တွေက လိုပြသက်သေတွေကိုစစ်တယ်။ လိုပြသက်သေတွေလည်း အားလုံးစစ် မပြီးသေးဘူး။ ၄ ဦးကျန်သေးတယ်” ဟု ဦးထွန်းလှက ဆိုသည်။

ယခုဖမ်းဆီးတရားစွဲဆိုခံထားရသူ ၁၃ ဦး၏အမှုကို လာမည့်စက်တင်ဘာလ ၄ ရက်နေ့တွင် ထပ်မံချိန်းဆို လိုက်ကြောင်း သိရသည်။

ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာသား ၂၁ ဦးနှင့် ကျောက်တော်မြို့မှနေအိမ်ပိုင်ရှင် လင်မယားနှစ်ဦးတို့ကို ပြီးခဲ့သည့်မေလအတွင်းက ကျောက်တော်မြို့ရှိ ၎င်းတို့နေထိုင်သည့်နေအိမ်မှဖမ်းဆီးခဲ့ပြီး ရှင်းလက်ဝကျေးရွာ သား ၁၀ ဦးကိုပြန်လွှတ်ပေးခဲ့ကာ ကျန် ၁၃ ဦးအား တရားစွဲဆိုထားခြင်းဖြစ်သည်။

ဗီဒီယိုများ