မြန်မာစစ်တပ်က ရခိုင်ရှိ ကုန်းလမ်း၊ရေလမ်းများတွင် စစ်ဆေးမှုများ တင်းကျပ်ထားဆဲ

ရခိုင်ပြည်အတွင်းက မြို့နယ်တချို့တွင် ယခင်လမှစတင်ကာ မြန်မာစစ်တပ်က ကုန်လမ်း၊ ရေလမ်းမှခရီးသွားလာသူများအား တင်းကျပ်စွာစစ်ဆေးမှုများကို ယနေ့အချိန်ထိပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

07 Jul 2022

စစ်တွေမြို့နယ်၊ ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် ယခင်က စစ်ဆေးမှုအားတွေ့ရစဉ်။

DMG ၊ ဇူလိုင် ၈

ရခိုင်ပြည်အတွင်းက မြို့နယ်တချို့တွင် ယခင်လမှစတင်ကာ မြန်မာစစ်တပ်က ကုန်လမ်း၊ ရေလမ်းမှခရီးသွားလာသူများအား တင်းကျပ်စွာစစ်ဆေးမှုများကို ယနေ့အချိန်ထိပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်ဇွန်လက စစ်သား၊ ရဲတပ်ဖွဲ့ဝင် စသည့် စစ်တပ်နှင့်ဆက်နွယ်သူစုစုပေါင်း ၁၄ ဦးထက်မနည်းကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခဲ့ပြီးနောက်တွင် စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့နယ်မျာ၌ ကုန်လမ်း၊ရေလမ်းသွားလာမှုများကို မြန်မာစစ်တပ်က တင်းကျပ်စွာစစ်ဆေးလာခြင်းဖြစ်ကာ ထိုမြို့များမှ ဒေသခံ ၅၀ ဦးခန့်ကိုလည်း ဖမ်းဆီးခဲ့သည်။

လက်ရှိတွင် ရန်ကုန်-စစ်တွေ ကားလမ်းတစ်လျှောက်နှင့် စစ်တွေသို့ အခြားမြို့နယ်များမှ ရေကြောင်းခရီးဖြင့်လာရောက်သူများကိုလည်း စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

စစ်တွေသို့ နေ့စဉ်သွားလာနေရသည့် ပေါက်တောမြို့နယ်မှ ခရီးသည်တင်စက်လှေများကို ကုလားတန်မြစ်ဝတွင်ရပ်နားထားသည့် မြန်မာစစ်တပ်၏(နေဗီ)မှ နေ့စဉ်စစ်ဆေးမှုများရှိကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် စက်လှေပိုင်ရှင်များထံမှ ငွေကြေးတောင်းခံမှုများရှိကာ ခရီးသည်များကိုလည်း နိုင်ငံသားစိစစ်ရေးကဒ်(မှတ်ပုံတင်)ပါမှသာ တင်ဆောင်ရန် ပြောဆိုမှုများရှိကြောင်း ပေါက်တောမြို့နယ်မှ စစ်တွေသို့လိုင်းဆွဲနေသည့် လုံခြုံရေးအရ အမည်မဖော်လိုသော စက်လှေပိုင်ရှင်တစ်ဦးကပြောသည်။

“နေဗီကနေပြီးတော့ စစ်ဆေးတယ်။ ငွေကောက်တာတွေရှိတယ်။ ခရီးသည်တွေကိုဆိုရင် မှတ်ပုံတင်ပါမှ စက်လှေမှာလိုက်ခွင့်ပေးတယ်။ မှတ်ပုံတင်မပါတဲ့သူတွေကို မခေါ်ခဲ့နဲ့ဆိုပြီး ခြိမ်းခြောက်တာတွေရှိတယ်”ဟု ၎င်းက DMG သို့ပြောသည်။

မြန်မာစစ်တပ်က ယင်းသို့စစ်ဆေးမှုများရှိနေ၍ အချို့ခရီးသည်များမှာ စိုးရိမ်စိတ်များဖြစ်ကာ မလိုက်ရဲကြတော့သဖြင့် စက်လှေစီးမည့်ခရီးသည်များ နည်းလာသည်ဟုလည်း ၎င်းကဆက်ပြောသည်။

အလားတူ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ လမ်းဆုံ၊လမ်းခွများတွင်လည်း မြန်မာစစ်တပ်ကနေရာယူထားကာ လမ်းသွားလမ်းလာများကို တင်းကျပ်စွာစစ်ဆေးမှုများရှိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ကျောက်တော်-စစ်တွေသို့ ခရီးသည်တင်ပြေးဆွဲနေသည့် ယာဉ်မောင်း ကိုသန်းဌေးက “ဖုန်းတွေကို အဓိကစစ်တယ်၊ နောက်ပြီးတော့ မှတ်ပုံတင်တွေစစ်တယ်။ ကားလိုင်စင်တွေကိုစစ်တယ်။ ဖုန်းမှာရှိတဲ့ ဓာတ်ပုံတွေ၊ ဗီဒီဖိုင်တွေကိုစစ်တယ်။ နောက်ပြီးတော့ ကျောက်တော်မြို့ထက်မှာလည်း လမ်းသွား၊လမ်းလာတွေ အကုန်လုံးစစ်ပါတယ်”ဟု DMG သို့ပြောသည်။

ပုဏ္ဏားကျွန်းမြို့တွင်လည်း ဈေးများနှင့် လမ်းဆုံလမ်းခွများတွင် မြန်မာစစ်တပ်က လမ်းသွားလမ်းလာများကို စစ်ဆေးနေသည်ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက DMG သို့ပြောသည်။

“ကျွန်တော် ဒီနေ့မနက်ကဈေးသွားတော့ ဈေးမှာ မြန်မာစစ်တပ်က သွားလာလှုပ်ရှားနေတာတွေရှိတယ်။ နောက်ပြီးတော့ လမ်းမကြီးတွေမှာ စစ်သားတွေချထားတယ်။ လမ်းမထက်မှာဆိုရင် လမ်းသွား၊လမ်းလာတွေကို စစ်ဆေးနေတာတွေကိုတွေ့ခဲ့ရတယ်။ ကားတွေကိုစစ်တယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ မြန်မာစစ်တပ်က ရခိုင်တွင် စစ်ဆေးမှုများတင်းကျပ် ထားခြင်းအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG ကဆက်သွယ်ခဲ့ရာ ၎င်း၏ PSO က “ဗိုလ်မှူးကြီး မအားသေးပါ”ဟုဆိုကာ ဖုန်းချသွားသည်။ ထို့ကြောင့် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းအား DMG က ဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ရခိုင်တွင် ယခင် ၂ နှစ်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲကာလအတွင်းကလည်း မြန်မာစစ်တပ်က ကုန်းလမ်း၊ ရေလမ်းများတွင် စစ်ဆေးမှုများတင်းကျပ်ခဲ့ကာ ယင်းသို့စစ်ဆေးစဉ် သံသယရှိသူများကို ဖမ်းဆီးမှုများလည်းရှိခဲ့သည်။

လက်ရှိရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်စစ်ရေးတင်းမာမှုများရှိနေပြီး တကျော့ပြန် တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများကစိုးရိမ်နေကြသည်။

ဗီဒီယိုများ